
ဗီယက်နမ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ၊ စမတ်မြို့တော်များ၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ AI၊ ဆီးမီးကွန်ဒတ်တာများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နည်းပညာမြင့်စိုက်ပျိုးမွေးမြူရေးတို့ ပါဝင်သည့်ပြင်သစ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာအားသာချက်များရှိသောကဏ္ဍများတွင် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Trinh Duc Hai က ပြောကြားခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် MEDEF International (ပြင်သစ် စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ နိုင်ငံတကာချိတ်ဆက်ရေး ဌာန) ဒုတိယဥက္ကဋ္ဌနှင့် Artelia Group ဥက္ကဋ္ဌ Benoit Clocheret နှင့် ပြင်သစ် ကုမ္ပဏီကြီးများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် သံအမတ်ကြီး Hai က ထိုကဏ္ဍများမှာ ဗီယက်နမ် နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ အဓိကအခြေခံအုတ်မြစ် များဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးများအကြား အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အားသာချက်များ ရှိကြောင်းနှင့် MEDEF International မှ ယခင်နှစ် ဇွန်လတွင် အောင်မြင်စွာ ကျင်းပခဲ့သော ဗီယက်နမ်–ပြင်သစ် စီးပွားရေးဖိုရမ်အား ချီးကျူးကာ ၎င်းဖိုရမ်သည် နှစ်နိုင်ငံ စီးပွားရေးအသိုင်း အဝိုင်းအကြား မဟာဗျူဟာမြောက်ချိတ်ဆက်ပေးသူအဖြစ် MEDEF ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Artelia ကုမ္ပဏီသည် ဗီယက်နမ်တွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်လာခဲ့ပြီး ဟနွိုင်းနှင့် ဟိုချီမင်းမြို့ရှိ မြေအောက်ရထားစနစ်များကဲ့သို့ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ပါဝင်ခဲ့သည်ဟု သိရပါသည်။ Clocheret က Artelia တွင် ဗီယက်နမ်၌ ဝန်ထမ်း ၈၀၀ ခန့်ရှိပြီး ဗီယက်နမ်ကို မဟာဗျူဟာအရ အရေးပါသော စျေးကွက်အဖြစ် သတ်မှတ်ထားကြောင်း၊ ဗီယက်နမ်ကျွမ်းကျင်သူများသည် ပြည်တွင်းစီမံကိန်းများသာမက လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများရှိ လုပ်ငန်းများတွင်လည်း ပါဝင်ကူညီလျက်ရှိကာ ဗီယက်နမ်ကို ဒေသတွင်း စွမ်းရည်ထူးချွန်ရေးဗဟိုအဖြစ် တည်ဆောက်လျက်ရှိကြောင်းနှင့် Artelia သည် ဗီယက်နမ်၏ မြန်နှုန်းမြင့် မီးရထားစီမံကိန်းအစောပိုင်းအဆင့်များတွင် ပါဝင်ခွင့်ရရှိထားပြီး ဟနွိုင်းမြို့ရှိ လေဆိပ်အသစ် စီမံကိန်းအတွက် အကြံပေးနှင့် စောင့်ကြည့် ကြပ်မတ်ရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ နှစ်ဖက်သည် ဒုတိယအကြိမ် ဗီယက်နမ်–ပြင်သစ် စီးပွားရေးဖိုရမ်ကို ပြင်သစ်နိုင်ငံတွင် လာမည့် ဇွန်လလယ် ခန့်တွင် ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ MEDEF ဘက် မှ ဗီယက်နမ် ဘဏ္ဍာရေးဝန်ကြီးအပါအဝင် အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်ရန် အကြံပြုထား ကြောင်း သိရပါသည်။ ဆွေးနွေးပွဲတွင် မြန်နှုန်းမြင့်မီးရထား၊ မြေအောက်ရထား စနစ်များ၊ လေကြောင်းပို့ဆောင်ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်၊ အဆင့်မြင့် နည်းပညာ၊ ဆီမီကွန်ဒတ်တာများ၊ ကျန်းမာရေး၊ လေကြောင်းအာကာသ၊ ကာကွယ်ရေးနှင့် ရေကြောင်းစီးပွား ရေးကဏ္ဍများအထိ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရပါ သည်။ ပြင်သစ်ဘက်မှ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဗီယက်နမ်၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေရေးရာ တည်ငြိမ်မှု၊ ခန့်မှန်းနိုင်မှုတို့အပေါ် စိုးရိမ်ချက်များ ရှိနေသော်လည်း အစိုးရ၏ ပြင်ဆင်ပြောင်းလဲမှုများကို အပြုသဘောဆောင်သည့် လက္ခဏာအဖြစ် လက်ခံကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီး Hai က ဗီယက်နမ်အစိုးရအနေဖြင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်ကာ ပွင့်လင်းမြင်သာမှုတိုးမြှင့်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်၍ ခန့်မှန်းနိုင်သော ဥပဒေ ပြင်ဆင်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ EU–Vietnam Investment Protection Agreement (EVIPA) နှင့် ပတ်သက်၍လည်း ပြင်သစ်နိုင်ငံမှ အမြန်ဆုံး အတည်ပြုနိုင်ရေးအတွက် MEDEF International အနေဖြင့် ဆက်လက်ထောက်ခံအားပေးပေးရန် သံအမတ်ကြီးက တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
Source: https://www.doca.gov.mm/