စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ရာသီအလိုက် မိရိုးဖလာ သီးနှံများဖြစ်သည့် ပဲစဉ်းငုံ၊ ပြောင်း၊ နှမ်း၊ မြေပဲအပြင် ဌက်ပျော၊ သနပ်ခါး၊ ဇီးဖြူနှင့် လျှော်ဖြူများကိုလည်း ကိုင်းနှင့်ယာမြေများတွင် သီးညှပ်စိုက်ပျိုးလာကြပါသည်။ ယခုအခါတွင် ဈေးကွက် ဝယ်လိုအား ရှိနေ၍ ရေရှည်တွင် ပြုပြင်ထိန်းသိမ်းရ သက်သာလွယ်ကူသော နှစ်ရှည်ပင်တစ်မျိုးဖြစ်သည့် ဇီးဖြူပင်သည် စိုက်ပျိုးတောင်သူများအကြား ရေပန်းစား၍ စမ်းသပ် စိုက်ပျိုးသူများနှင့် အောင်မြင်မှု ရရှိနေသူများလည်း ရှိပါသည်။
ရှေးယခင်က ဇီးဖြူပင်ကို အလေ့ကျပေါက်အပင်များနှင့် မိမိတို့ယာမြေများ၊ အိမ်ခြံမြေများတွင် စည်းရိုးအဖြစ် သတ်မှတ်ထားရန်အတွက်သာ စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။ ယခုကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးမှုများ မရှိခဲ့ပေ။ ဇီးဖြူပင်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံ၏ မည်သည့်နေရာဒေသတွင်မဆို စိုက်ပျိုးနိုင်ကြောင်း သိရှိရ သည်။ ယခုအခါတွင် အရာတော်မြို့နယ်နှင့် ကျေးရွာများရှိ စိုက်ခင်းများတွင် ထိုင်းဇီးဖြူပင်များ စိုက်ပျိုးမှု များပြားနေကြောင်း သိရှိရသည်။ ထိုင်းဇီးဖြူပင်သည် ဒေသတွင် အလေ့ကျပေါက်ရောက်သော တောဇီးဖြူပင်၏ အရွက်နှင့် အနည်းငယ်သာ ကွဲပြားသည်။ သို့သော် အသီးနှင့်အပင်အရွယ်အစားများ၏ ကွာခြားမှုမှာ သိသာပါသည်။ ထိုင်းဇီးဖြူပင်၏အသီးသည် ရိုးရိုးမျိုးစိတ် တောဇီးဖြူများ၏ အသီးထက် အရွယ်အစား (၃) ဆခန့် ပိုကြီး၍ အသားများကာ အသီး၏ အစေ့မှာ သေးသည်။ ထိုင်းဇီးဖြူပင်သည် ပင်ကြီးမျိုး ဖြစ်သော်လည်း ၎င်း၏အရွယ်နှင့် မလိုက်အောင် ပြွတ်သိပ်၍ သီးတတ်ကြသည်။
ထိုင်းဇီးဖြူ ပျိုးပင်များကို အတန်းခြား၍သော်လည်းကောင်း၊ အပင်ခြား၍သော်လည်းကောင်း၊ ပုံမှန်အားဖြင့် (၂၀) ပေမှ (၂၅) ပေ ခွာ၍ စိုက်ပျိုးလေ့ရှိကြသော်လည်း အချို့တောင်သူများသည် ပျိုးပင်များ လျှင်မြန်စွာကြီးထွားစေရန်နှင့် အပင်ကြီးစဉ်အခါတွင် လေဝင် လေထွက် ကောင်းမွန်စေရန် (၂၂) ပေ မှ (၂၈) ပေ ခွာ၍ စိုက်ပျိုးထားကြသည်။ ပျိုးပင်များ စိုက်ပြီးသည့်အချိန်မှစ၍ (၂) ရက်ခြား (၃) လခန့် ရေလောင်းပေးသင့်ပြီး အပင်၏ ကြီးထွားမှုူ လျင်မြန်စေရန် သဘာဝဓာတ်မြေဩဇာ ကျွေးခြင်းနှင့် ပိုးသတ်ဆေးများ ဖြန်းပေးရသည်။ ဇီးဖြူပင်သည် အပင် ငယ်စဉ်အချိန်တွင် အခြားစိုက်ပျိုးသီးနှံများကဲ့သို့ ပြုစုရသော်လည်း အပင်သက်တမ်း (၄)နှစ်သား အရွယ်တွင် ထိန်းသိမ်းမှု ကုန်ကျစရိတ်ကို လျော့ချနိုင်ပါသည်။ အပင်သက်တမ်း (၆) နှစ်သား ရောက်သောအခါ ဇီးဖြူပွင့်များ ပွင့်ဖူး၍ အသီးများ စတင် သီးနိုင်ပြီဖြစ်သည်။ အများအားဖြင့် ပျိုးပင်များကို အစေ့မှ စိုက်ပျိုးကြသော်လည်း အဖူးမြှုပ်၍ မျိုးပွားနိုင်ကြောင်းလည်း သိရသည်။ ထိုအပင်များသည် အစေ့စိုက်အပင်များထက် ဆောလျင်စွာ သီးပွင့်ကြသည်။ ဇီးဖြူ၏ အပင်သက် (၉) နှစ်မှ (၁၀) နှစ်သား အရွယ်ရောက်သောအခါတွင် သီးအားကောင်း၍ ရရှိလာသော အသီးများအနေဖြင့် အရည်အသွေးပြည့်မီသော ဈေးကွက်ဝင်သော အသီးများဖြစ်လာမည်။ အသီးများ ရင့်မှည့်မှုကို အသီးအရောင်ကြည့်၍ဖြစ်စေ၊ အသီးပေါ်ရှိ မျက်နှာပြင် အသီးကြောင်းများကို ကြည်၍ဖြစ်စေ၊ အစေ့အရောင် အဖြူမှ အနက်ရောင်သို့ ပြောင်းလဲလာခြင်းဖြင့်ဖြစ်စေ၊ အစေ့မာကျောမှုကို ကြည့်၍ဖြစ်စေ၊ ခါးသော အရသာသည် ရင့်မှည့်ရန် လိုအပ်ကြောင်း စမ်းသပ်၍ဖြစ်စေ သိရှိနိုင်သည်။
ဇီးဖြူပင်သည် မြေအမျိုးမျိုးတွင် ဖြစ်ထွန်းအောင်မြင်နိုင်သော အပင်တစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်မှာ အသီးများ ရင့်မှည့်လေ့ရှိသည်။ အရွယ်ရောက် အပင်ကြီးများမှ တစ်ဧကလျှင် အသီးတင်းရေ (၆၀) မှ (၁၈၀) အထိ ထွက်ရှိနိုင်သည်။ ဇီးဖြူပင်ကို ကောင်းစွာပြုစုစိုက်ပျိုးပါက အပင်သက်တမ်း ၆၀ မှ ၇၅ နှစ် အထိ ရှည်ကြာစွာ ပွင့်သီးနိုင်သော အပင်မျိုးဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် ဇီးဖြူပင်များသည် မြေ၊ ရေနှင့် အာဟာရပြတ်လပ်မှုများကြောင့် ပွင့်ခြင်းနှင့် အသီးသီးခြင်းတို့တွင် မရှိဘဲ ဖိုနေတတ်သည်။
ဇီးဖြူသီးကို ဈေးကွက်အနေဖြင့် အရာတော်မြို့မှ ထွက်ရှိသော ဇီးဖြူသီးများကို မြို့တွင်းရှိ အသီးထောင်းရောင်းသူများ၊ အသီးအနှံရောင်းသူများနှင့် မုံရွာမြို့ရှိ သစ်သီးပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။ အကျိုးအမြတ်အနေဖြင့် ဇီးဖြူတစ်ဧကလျှင် ဇီးဖြူပင်ရေ (၇၀) ခန့် စိုက်ပျိုးနိုင်ကြောင်း သိရသည်။ စိုက်ပျိုးကုန်ကျမှုစရိတ်အနေဖြင့် ပျိုးပင် (၁) ပင်လျှင် (၁၅၀၀) ကျပ်ရှိပြီး အပင်ငယ်ချိန်တွင် တစ်ဧကလျှင် (၁၀) သိန်းမှ (၁၅) သိန်းထိ ကုန်ကျနိုင်သော်လည်း အပင်ကြီးရင့်လာချိန်တွင် ပြုပြင်ထိန်းသိမ်းစရိတ်မှာ လျော့နည်းပြီး အသစ်တစ်ဖန် စိုက်ပျိုးရန် မလို အပ်ကြောင်း သိရှိရသည်။ ယခုလက်ရှိတွင် ဇီးဖြူသီး တစ်ပြည်လျှင် (၃၅၀၀) ကျပ်ခန့်ရှိရာ အမြတ်ငွေ သိန်း (၃၀) ခန့် ရရှိနိုင်ကြောင်း သိရှိရသည်။
ဇီးဖြူပင်သည် သနပ်ခါး၊ သရက်နှင့် လျှော်ဖြူကဲ့သို့သော နှစ်ရှည်ပင်များမှ အပင်တစ်မျိုးဖြစ်ရာ အကျိုးအမြတ်ရရှိရန် အချိန်အခါတစ်ခုကို စောင့်ရသော အပင်တစ်မျိုး ဖြစ်သည်။ ဇီးဖြူပင်များ၏ အတန်းကြား၌ အခြားသီးနှံများကို သီးညှပ်စိုက်ပျိုးခြင်းကို ထည့်သွင်းစိုက်ပျိုးမှသာ စိုက်ပျိုးတောင်သူများအတွက် ရေရှည်တွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm
စီးပွားဖြစ် စိုက်ပျိုးလာသော နှစ်ရှည်ပင်ဇီးဖြူအကြောင်း
Category:
Local News