Local News

တရုတ်နိုင်ငံစျေးကွက်ဝယ်လိုအား ရှိနေသည့် မြန်မာ့ ကွမ်းသီးနုပေါင်း

Last Updated:

 

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော စိုက်ပျိုးရေး လုပ်ငန်းများတွင် “ကွမ်းသီး” စိုက်ပျိုးရေးလုပ်ငန်းသည် တစ်ခုအပါအဝင် ဖြစ်ပါသည်။ “ကွမ်းသီး” ဟု ဆိုလျှင် ယခင်နှစ်ပေါင်းများစွာက အရောင်းအဝယ်ပြုလုပ်ရာတွင် ကွမ်းသီးအမှည့်အရင့်ကိုသာရောင်းဝယ် ဖောက်ကားခဲ့ကြပါသည်။ ယခုအခါတွင် ဈေးကွက်ဝယ်လိုအားရှိသော ကွမ်းသီးနုများလည်း အရောင်းအဝယ်ဖြစ်ထွန်းခဲ့၍ ကွမ်းသီးစိုက်တောင်သူများအတွက် များစွာအထောက်အကူဖြစ်ခဲ့ ပါသည်။

ကွမ်းသီးပင်သည် ပင်လယ်ရေမျက်နှာပြင်မှ မိုင်(၂၀၀)ခန့်အတွင်း၊ အမြင့်ပေ (၃၀၀၀) အောက်ရှိသော ရေပေါများ၍ ရေမဝပ်သောနေရာများတွင် အထူးဖြစ်ထွန်းပါသည်။ နုံးမြေသည် ကွမ်းသီးစိုက်ပျိုးရန် အထူးသင့်လျော်ပြီး မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် အစရှိသော ဒေသများတွင် အများ အပြား စိုက်ပျိုးကြပါသည်။

အရောင်းအဝယ်ပြုလုပ်ရာတွင်ကွမ်းသီး​ခြောက်တစ်ပိသာနှင့် ကွမ်းသီးနုတစ်ပိသာဝယ်ယူ​စျေးနှုန်း တူညီ​သော်လည်း ကွမ်းသီး​ခြောက် (အခွံချွတ်) တစ်ပိသာတွင် ကွမ်းသီးလုံး ၂၂၀ ခန့်နှင့် ​​ကွမ်းသီးနု(အခွံပါ)တစ်ပိသာတွင် ကွမ်းသီး ၆၂ လုံးခန့်ရှိသည့်အတွက် ​ကွမ်းသီးနု​ရောင်းချခြင်းမှာ ကွမ်းသီး​ခြောက်​ရောင်းချခြင်းထက် ၃ဆခွဲ ခန့် ပိုမိုရရှိနိုင်​ပြီး၊ ယမန်နှစ် ကွမ်းသီးနု ဈေးကွက်မှာ ကောင်းမွန်ခဲ့သဖြင့် ကွမ်းသီးမှည့်ချိန် ရောင်းချမှုထက် ကွမ်းသီးအစိမ်းနုများ ရောင်းဝယ်မှု ပိုမို ဖြစ်ထွန်းခဲ့​ပြီး ကွမ်းသီးစိုက်တောင်သူများ ဝင်ငွေပိုမိုရရှိခဲ့ကြောင်း သိရှိရသည်။

          ကွမ်းသီးစိမ်းအနုကို ကွမ်းသီးပင် စတင်သီးချိန်၊ အရည်နုများ စတင်တည်ချိန်၊ အရွယ် အစား လုံးပတ်အချင်း(၁)လက်မခန့်၊ အလေးချိန် 20 g နှင့် 30 g အကြားတွင် ရောင်းချကြပါ သည်။ ကွမ်းသီးအဝိုင်းသီးနှင့် အချွန်သီး ပုံစံနှစ်မျိုးဖြင့် သီးလေ့ရှိပြီး အချွန်သီး(အရှည်သီး)သာ အရောင်းအဝယ်ဖြစ်ပါသည်။ ကွမ်းသီးအနုများကို မီးအပူဖြင့်ပေါင်း၍ အခြောက်ခံပြီး တရုတ်နိုင်ငံ သို့ အဓိက တင်ပို့ရောင်းချကြပါသည်။

ကွမ်းသီးစိမ်းအနုများကို ဝယ်ယူ၍ ကွမ်းသီးနု​ပေါင်းထုတ်လုပ်လျှက်ရှိ​သော မွန်ပြည်နယ်၊​မော်လမြိုင်စက်မှုဇုန်(၁) (အတ္ထရံစက်မှုဇုန်) အတွင်းရှိ HAI YUAN AGRICULTURAL DEVELOPMENT Co; Ltd. မှ ပေါင်းဖိုတစ်ဖိုလျှင် ကွမ်းသီးနု ၈တန်၊ ဖို​ပေါင်း(၁၀)ဖိုမှ တန် ၈၀ ပေါင်းခံထုတ်လုပ်နိုင်​ကြောင်း၊ တစ်ကြိမ်​ပေါင်းလျှင် ၄ ရက်ခွဲခန့် ကြာမြင့်ပြီး ကွမ်းသီးနုတန်(၈၀) ပေါင်းပါက ကွမ်းသီး​ခြောက် တန်(၂၀) ရရှိကြောင်း သိရှိရသည်။ ထွက်ရှိ ကွမ်းသီးခြောက်များ အား ကုန်​ချောထုတ်လုပ်နိုင်ခြင်းမရှိဘဲ အ​အေးခန်းများတွင် သို​လှောင်၍ ပို့ကုန်လုပ်ငန်းများ​ဆောင်ရွက်လျက်ရှိ​ကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News