Local News

ယခုနှစ်ထွက်ရှိလာသည့် ရင်ကွဲသရက်သီးများ တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရာတွင် ဈေးကောင်းရရှိနေ

Last Updated:

         ယခုနှစ် ထွက်ရှိလာသည့် ရင်ကွဲသရက်သီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ ရောင်းချရာတွင် ဈေးကောင်းရရှိနေကြောင်း မြန်မာသရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအသင်း(မန္တလေး) အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပြ၍ သိရသည်။

             လက်ရှိအချိန်တွင် မြေပြန့်ပိုင်း၌ စိန်တလုံးနှင့် ရွှေဟင်္သာသရက်သီးများ ရာသီကုန်ချိန် ရောက်ရှိနေပြီဖြစ်၍ တရုတ်နိုင်ငံဈေးကွက်သို့ ရင်ကွဲသရက်သီးများကိုသာ တင်ပို့ရောင်းချနေ ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် သရက်ရာသီတွင် ရင်ကွဲသရက်သီး ၁၆ ကီလိုဂရမ်တစ်ခြင်းလျှင် တရုတ်ငွေ ယွမ် ၇၀ ကျော်သာရရှိခဲ့ကြောင်း၊ ယခုနှစ် သရက်ရာသီတွင် ၁၆ ကီလိုဂရမ်တစ်ခြင်း လျှင် တရုတ်ငွေ ယွမ် ၉၀ ဖြင့် ရောင်းချနေရသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရ သည်။

          “တရုတ်နိုင်ငံဈေးကွက်ကို ရင်ကွဲသရက်သီးတွေ တင်ပို့ရောင်းချနေကြပါတယ်။ ဈေးကောင်းရရှိနေပါတယ်။ ဇွန်လကစပြီး ရင်ကွဲသရက်သီးက ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက်နေပါပြီး ကျန်တဲ့သရက်တွေက ပြတ်သလောက်ဖြစ်သွားပြီး ရင်ကွဲသရက်သီးပဲ ကျန်ပါတော့တယ်။ ဒီနှစ်မှာ သရက်သီးက အဝယ်သွက်ပါတယ်။ အရည်အသွေးကောင်းရင်တော့ ဈေးကောင်းရကြပါတယ်။ နောက်နှစ်တွေမှာ တောင်သူတွေကိုယ့်ပစ္စည်းကို အရည်အသွေး ကောင်းအောင် ဂရုစိုက်ကြဖို့လိုပါတယ်။ ခူးဆွတ်တာကအစ ထုပ်ပိုးမှုစနစ်ကောင်းကောင်း ထုပ်နိုင်ရင် ဈေးကောင်းရပါတယ်” ဟု ဦးကျော်စိုးနိုင်က ပြောပြသည်။ တရုတ်နိုင်ငံဈေးကွက်သို့ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက်နှင့် မယ်သီသရက်သီးတို့ကို နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News