Local News

မန္တလေးဈေးကွက်အတွင်း ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မြေထောက်ပဲများ ဈေးနှုန်းကောင်းရရှိ

Last Updated:

ရွှေမန်း

          ယခုနှစ် ပဲရာသီတွင် မန္တလေးပဲဈေးကွက်အတွင်း၌ မြေထောက်ပဲများကို ပြည်ပအိမ်နီးချင်းနိုင်ငံများ၏ အပြိုင်ဝယ်ယူနေမှုကြောင့် အရောင်းအဝယ်ကောင်းကာ ဈေးနှုန်းကောင်းရရှိနေကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။ အဆိုပါ မြေထောက်ပဲကို လက်ရှိအချိန်တွင် မန္တလေးဈေးကွက်အတွင်းသို့ ဗန်းမော်၊  ကသာ၊  ထီးချိုင့်၊  ရွှေကူ၊   ကလေး၊   ကလေးဝ၊  ဂန့်ဂေါစသည့် ဒေသတို့မှ ထွက်ရှိဝင်ရောက်လာကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလတူက မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၇၀၀၀၀ ဈေးဖြင့် အဖွင့်ဈေးစခဲ့သော်လည်း၊ ယခုနှစ်တွင် သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၃၂၀၀၀၀ နှုန်းအထိ ဈေးနှုန်းမြင့်တက် ကာ အရောင်းအဝယ်များသွက်လက်နေပြီး ဈေးကောင်းရရှိနေ ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ 

          "ဈေးကွက်အတွင်းမှာ မြေထောက်ပဲတွေ ဝင်ရောက်နေပြီး အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အန္ဒိယနိုင်ငံတွေက အပြိုင်ဝယ်ယူနေတာကြောင့် ဈေးနှုန်းတွေ မြင့်တက်နေတာပါ။ ဒီနှစ်က အထွက်နှုန်းအသင့်အတင့် ကောင်းပါတယ်။ မြေထောက်ပဲက တောင်သူတွေလက်ထဲမှာ မရှိတော့ပါဘူး။ သိုလှောင်ထားတဲ့ သူတွေဆီမှာပဲ ရှိတော့တယ်။ ဈေးကတက်လာဖို့ အလားအလာရှိပါတယ်။ ဈေးကွက်ထဲမှာ လက်ကျန်မရှိ ပစ္စည်းပြတ်လပ်တဲ့အထိ  အရောင်းအဝယ်ကောင်းမွန်နေပါတယ်။  နှစ်စဉ်  မြေထောက်ပဲကို  ဥရောပနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ဝယ်ယူမှုတွေကိုတွေ့ရပါတယ်။ ဝယ်ယူတဲ့ဖောက်သည်တွေလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာတဲ့အတွက် ဈေးကလည်းကောင်းနေပါတယ်" ဟု ၎င်းကရှင်းပြသည်။ 

          အဆိုပါ မြေထောက်ပဲကို ဆောင်းသီးနှံအဖြစ် တစ်နှစ်ှင်တစ်ရာသီသာ စိုက်ပျိုးလို့ရကြောင်း၊ ယင်းသီးနှံသည် ပူးပြင်းသည့်ရာသီနှင့် မိုးများသောရာသီများကို မကြိုက်၍ နေရာဒေသမရွေး စိုက်ပျိုး၍မရနိုင်ကြောင်း၊ ထိုသီးနှံကို ဧရာဝတီမြစ်ဝှမ်းတစ်လျောက်ရှိ ထီးချိုင့်၊ ကသာ၊ ဗန်းမော်၊ ရွှေကူနယ်များနှင့် ချင်းတွင်းမြစ်ဝှမ်းတစ်လျောက်ရှိ ကလေး၊ ကလေးဝ၊ ဂန့်ဂေါဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းပြီး ထွက်ရှိလာကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News