Local News

ရှမ်းတောင်‌ဒေသ ဆိုက်ခေါက်မြို့ထွက် ကျောင်းချယ်ပျားနာနတ်

Last Updated:

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆိုက်ခေါက်မြို့အနီးတစ်ဝိုက်ရှိ ကျောင်းချယ်၊ လွယ်ဆမ်ဆစ်ကျေးရွာတို့တွင် ဆိုက်ခေါင်နာနတ် (ခေါ်) ပျားနာနတ်ကို အများဆုံးစိုက်ပျိုးလေ့ရှိရာ ဆိုက်ခေါင်နာနတ်သီးသည် အခွံပါးပြီးအသားထူ၍ အူတိုင်သေးသောအသီးများဖြစ်သည်နှင့်အညီ ပျားရည်ကဲ့သို့ ချိုသောအရသာရှိသောကြောင့် အများအားဖြင့် ပျားနာနတ်ဟူ၍လည်း အမျိုးအစားကွဲပြားမှုရှိပြီး ဆိုက်ခေါင်ကျောက်စိမ်းသီး လက်လီဈေးနှုန်းမှာ အလုံးအလတ် တစ်လုံးလျှင် ငွေကျပ် ၇၀၀-၈၀၀ ဖြင့်လည်းကောင်း၊ အလုံးကြီးတစ်လုံးလျှင် ငွေကျပ် ၉၀၀-၁၁၀၀ ဖြင့်လည်းကောင်း ဈေးကွက်အတွင်း ရောင်းချလေ့ရှိပြီး ဆိုက်ခေါင်ပျားနာနတ်၏ လက်လီဈေးနှုန်းမှာ ငွေကျပ် ၂၅၀၀- ၃၀၀၀ ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

ပျားနာနတ်သီးကို အသေး၊ အလတ်၊ အကြီးဟူ၍ အရွယ်အစားသုံးမျိုးခွဲခြားပြီး လက်ကားဝယ်ယူသူများဆီသို့ တင်ပို့လျက်ရှိရာ အသီး၏ အ‌သေး၊ အလတ်၊ အကြီးစသည့် အလေးချိန်နှင့် အရွယ်အစားပေါ်မူတည်၍ ၅၀ ကျပ်သားအောက် အလုံးများကို တစ်ခြင်းလျှင် အလုံး ၄၀ ခန့် ဝင်ဆံ့သော ခြင်းများဖြင့်လည်းကောင်း၊ ၅၀ ကျပ်သားနှင့်အထက် တစ်ပိဿာအောက်အလုံးများကို တစ်ခြင်းလျှင် အလုံး ၄၀ ခန့် ဝင်ဆံ့သော ခြင်းများဖြင့်လည်းကောင်း၊ တစ်ပိဿာအထက် အလုံးများကို တစ်ခြင်းလျှင် အလုံး ၃၀ ခန့် ဝင်ဆံ့သော ခြင်းများဖြင့်လည်းကောင်း ဒေသတွင်းရောင်းချလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဆိုက်ခေါင် (ကျောင်းချယ်) ပျားနာနတ်သည် ဇူလိုင်လလယ်တွင် စတင်ထွက်ပေါ်ပြီး ဩဂုတ်လတွင် လှိုင်လှိုင်ထွက်ရှိကာ စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News