Local News

မန္တလေးဈေးကွက်အတွင် ပဲပုပ်(ရှမ်း) အရောင်းအဝယ်ကောင်းလာပြီး ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ ဖြင့် ဈေးကောင်းရရှိ

Last Updated:

မန္တလေးဈေးကွက်တွင် ပဲပုပ်(ရှမ်း)အရောင်းအဝယ်ကောင်းလာပြီး ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ ဖြင့် ဈေးကောင်းရရှိနေကြောင်း ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ မန္တလေးဈေးကွက်တွင် မေလ ပထမပတ်အတွင်းက ပဲပုပ်(ရှမ်း)များ အရောင်းအဝယ် အေးခဲ့ကြောင်း၊ ယခုလက်ရှိတွင် ပဲပုပ်(ရှမ်း)များကို တရုတ်နိုင်ငံဘက်က ဝယ်ယူမှုများရှိလာပြီး ပြည်တွင်း၌လည်း ပဲပုပ်(ရှမ်း)များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိအချိန်မှာ ပဲပုပ်(ရှမ်း)တွေကို ပြည်ပကကော ပြည်တွင်းကပါ ဝယ်ယူမှုအားကောင်းလာတာကြောင့် အရောင်းအဝယ်ကောင်းလာပြီး ဈေးကောင်းပြန်ရလာပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်အတွင်းက ပဲပုပ်(ရှမ်း)ဈေးနှုန်းမှာ ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ သာ ပေါက်ဈေးရှိခဲ့သော်လည်း ဩဂုတ်လ ၂၆ ရက် ပေါက်ဈေးအရ ပဲပုပ်(ရှမ်း)ဈေးနှုန်းမှာ ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ ရှိပြီး ဈေးကောင်းရရှိလာကြောင်း သိရသည်။

“ပဲပုပ်(ရှမ်း) ကုန်စည်ကတော့ မန္တလေးဈေးကွက်အတွင်းကော၊ အခြားမြို့တွေကကော ပြည်ပကပါ အဝယ်တော်တော်လေး လိုက်လာတာကြောင့် ဈေးကောင်းရနေပါတယ်။ နောက်ပိုင်းမှာလည်း ပဲပုပ်(ရှမ်း) ဈေးကောင်းပိုရဖို့ရှိနေပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News