Local News

ပြည်တွင်း သကြားဈေးမြင့်တက်လာရာကနေ အနည်းငယ်ပြန်လည်ကျဆင်း

Last Updated:

ပြည်တွင်း သကြားစျေးမြင့်တက်လာရာကနေ ယခုစက်တင်ဘာလတွင်  အနည်းငယ် ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်ဘုရင်နောင်ကုန်စည်ဒိုင်စျေးကွက်တွင် သကြားတစ်ပိဿာကို ၃၅၈၀ ကျပ်မှ ၃၆၀၀ ကျပ်သာရှိတော့သဖြင့် ယခင်ကထက် တစ်ပိဿာကို ၅၀ ကျပ်မှ ၁၀၀ ဝန်းကျင် ထပ်မံကျဆင်းသွားခြင်းဖြစ်ဟုသိရသည်။ 

ဩဂုတ်လကုန်ပိုင်းတွင်  သကြားတစ်ပိဿာကို ၃၇၀၀ ကျပ်မှ ၃၇၂၀ ကျပ်အထိ  အမြင့်ဆုံးစျေးတန်းဖြစ်ခဲ့ပြီး  ယင်းနောက်စက်တင်ဘာလဆန်းတွင် တစ်ပိဿာကို ၆၂၀ မှ ၆၅၀  ကျပ်သာ  ရှိသဖြင့် တစ်ပိဿာကို ၇၀ ကျပ်စျေး ကျခဲ့ကြောင်းသိရသည်။ သကြားစျေးသည် ကမ္ဘာ့သကြားစျေး အပေါ်လိုက်ပြီး အတက်အကျဖြစ်သလို ပြည်တွင်း သကြားလက်ကျန်နည်းပါကလည်း သကြားကုန်သည်များ၏ စျေးကစားမှုအပေါ်လိုက်ပြီးလည်း သကြားစျေး တက်ခြင်း၊ ကျခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်ဋ္ဌေးမှပြောပြသည်။ 

"အခုက စက်ရုံတွေမှာ သကြားသိပ်မရှိတော့ဘူး၊ ကုန်သည်တွေ လက်ထဲမှာပဲ သကြားကလက်ကျန်ရှိတော့တယ်၊ ဒီတော့သကြားစျေးက ကုန်သည်တွေကစျေးကစားနေတဲ့သဘောရှိတယ်။ကုန်စည်ဒိုင်စျေးက သကြားဖြူစျေးနူန်းပါ။ သကြားဖြူက အစားများဆုံးပါ၊ လက်ကျန်နည်းပေမယ့် စိုးရိမ်စရာမရှိဘူး" ဟု ဦးဝင်းဌေးမှပြောသည်။ သန့်စင်သကြားကို ယခင်က  ပြည်ပကနေ တင်သွင်းမှုများပြားခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းမှ ထွက်ရှိသည့် ပစ္စည်းများကို ပြည်ပမှတင်သွင်းခြင်းအား အကန့်အသတ်ဖြင့် ခွင့်ပြုနေသည့်အပြင် နိုင်ငံခြားငွေလဲနူန်း မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေ ဝယ်ယူရန်ခက်ခဲခြင်းတို့ကြောင့်  ပြည်တွင်းထွက်သကြားကိုသာအဓိက အသုံးပြုနေကြရသဖြင့်သကြားသျေးသည် ကုန်သည်များ၏ စျေးကစားခြင်းခံနေရခြင်းဖြစ်ဟု သိရသည်။  

ထို့ကြောင့်ပြည်တွင်းလုပ်ငန်းများတွင် သကြားသုံးစွဲရန်လိုအပ်သည့် လုပ်ငန်းရှင်များကို  ပြည်ပကနေသာ သကြားတင်သွင်းခွင့်ပြုပေးမည်ဆိုလျှင် ပြည်တွင်း သကြားစျေးသည် ယခုထက်ပိုပြီးစျေးကျဆင်းနိုင်ကြောင်း သိရသည်။ လက်ရှိ သကြားစျေးသည် ကုန်စည်ဒိုင်တွင် ၃၅၈၀ ရှိပြီး လက်လီစျေးကွက်တွင်လည်း တစ်ပိဿာကို ၄၀၀၀ ကျပ်စျေးရှိကြောင်း ယင်းစျေးနူန်းသည် ပြန်လည်ကျဆင်းလာသည့်စျေးတန်းဖြစ်သော်လည်း ယခင် နှစ်သကြားစျေးကွက်နှင့် နိူင်းယှဥ်ပါက အမြင့်စျေးတန်းတစ်ခုဖြစ်နေသေးဟုသိရသည်။ 

"သကြားစျေးက ကျသွားတာ ဟုတ်တယ်၊ ဒါပေမယ့် ကျတဲ့စျေးနူန်းကကို အမြင့်တန်းဖြစ်နေသေးတယ်။အရင်ကဆို တစ်ပိဿာမှ ၁၈၀၀ ၊၂၀၀၀ လောက်အထိပဲရှိခဲ့တယ်။သကြားက အဓိကတော့ ကျနော်တို့လို မုန့်လုပ်ငန်းတွေ၊ လက်ဖက်ရည်ဆိုင်တွေကအဓိကသုံးကြတာ၊စားသုံးတဲ့ပြည်သူကတော့ သုံးတာနည်းတာ" ဟု မုန့်မျိုးစုံ လုပ်ငန်းလုပ်ကိုင်နေသူ ကိုစိုးကို မှပြောသည်။ ပြည်တွင်း၌ တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် လေးသိန်းခန့် ထွက်ရှိပြီး မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီမှာ နှစ်စဉ် ဒီဇင်ဘာလမှ စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိကြောင်း၊ကြံကို စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။ လာမည့် ကြံကြိတ်ဝါးရာသီတွင် ကြံတစ်တန်ကိုစက်ရုံအရောက်စျေး ၁၀၀၀၀၀ ကျော်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သကြားစက်ရုံအချို့ကစျေးဖွင့်ထားကြသည်။ 

Source: Awba

Category: Local News