Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ပင်လယ်ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ပင်လယ်ပန်းကဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုက ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပင်လယ်ပန်းကဏန်းပိဿာချိန် ၄၇၀၀၀ ထိသာတင်ပို့ရောင်းချခဲ့ရပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်ထိ ပင်လယ်ပန်းကဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ပင်လယ်ပန်းကဏန်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ပင်လယ်ပန်းကဏန်းတွေက ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေကနေရရှိတာဖြစ်ပါတယ်။ လပွတ္တာမြို့နယ်ကနေထွက်တဲ့ ပင်လယ်ပန်းကဏန်းတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ အောက်တိုဘာလက ပင်လယ်ပန်းကဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ လပွတ္တာမြို့နယ်ဘက်ကနေထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ကဏန်းတွေ အဝယ်လိုက်နေတာကလဲ ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေးကွက်ရှိလာတာကြောင့်လို့ သိရပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ချိုက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ပင်လယ်ပန်းကဏန်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ပန်းကဏန်းပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၂၇၀၀၀၀၀ ထိ ဈေးပေါက်နေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News