Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ပင်လယ်ကဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပင်လယ်ကဏန်းပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဦးသူရက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက ပင်လယ်ကဏန်း ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ပင်လယ်ကဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါပင်လယ်ကဏန်းများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

“ပင်လယ်ကဏန်းတွေက ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေကနေ ရရှိတာဖြစ်ပါတယ်။ ဖျာပုံမြို့နယ်ကနေထွက်တဲ့ ပင်လယ်ကဏန်းတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ပင်လယ်ကဏန်းတွေ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိဒီဇင်ဘာလထဲမှာလဲ ဒီဘက်ကထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ကဏန်းတွေ အဝယ်လိုက်နေတာက ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေးကွက်ရှိလာလို့ပါ။ ကဏန်းတွေ ဝယ်ယူအားကောင်းလာတော့ ရေလုပ်ငန်းရှင်တွေက အ‌‌ရောင်းအဝယ်လုပ်ငန်း ပိုမိုလုပ်ကိုင်လည်ပတ်လာရပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဦးသူရက ပြောပြသည်။

ဖျာပုံမြို့နယ်မှ ပင်လယ်ကဏန်းများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့် ပင်လယ်ကဏန်းပိဿာချိန် ၁၀ လျှင် ငွေကျပ် ၂၇၀၀၀၀ ထိ ဈေးရရှိကြောင်း၊ အဆိုပါပင်လယ်ကဏန်းများ ဝယ်ယူအားကောင်းလာခြင်းကြောင့် ရေလုပ်ကိုင်သူများပါ အဆင်ပြေလာကြောင်း ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဦးသူရက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News