Local News

၂၂.၅.၂၀၂၃ မှ ၂၆.၅.၂၀၂၃ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

Last Updated:

ဆန်စပါး

          ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ ဆန်အများစု ဈေးတွေက ငြိမ်သွားပါတယ်။ နယ်ဈေးကွက်မှာတော့ ဈေးကွက်ထဲ နွေစပါးတွေ ဝင်နေပေမယ့် စပါးဈေးက ငြိမ်သွားပြီး ဆန်ဈေးတွေ အနည်းငယ်ထပ်ပြီး တက်လာပါတယ်။အရောင်းအဝယ်တွေလည်း အေးသွားပြီး ဆန်အဝင်လည်း ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက် မှာ မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၈၅၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်ကတော့တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြားဆန်တွေကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ငြိမ်နေပါတယ်။

          ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂၀၇၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၆၁၀၀၀ ကျပ်ဈေးတက်လာပြီး၊ ဆန်က တစ်အိတ်ကို ၈၈၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၁၆၅၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀၀ ကျပ်ဈေးတက်လာကာ၊ ဧည့်မထဆန်ကတော့တစ်အိတ်ကို ၆၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။

         အခြား မြောင်းမြ၊ ဒေးဒရဲ၊ ဖျာပုံ၊ လပွတ်တာပေါ်ဆန်းစပါးတို့ကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်းငြိမ်နေပြီး ဆန်ဈေးကတော့ တစ်အိတ်ကို အနိမ့်ဆုံးဈေး ၁၀၀၀ ကနေ ၃၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဟောင်းလက်ကျန်တွေမရှိတော့ပေမယ့်ဈေးတွေက မြင့်တက်နေခဲ့ပါတယ်။အသစ်စပါးတွေကတော့ အဝင်ရှိသလောက် အဝယ်ရှိနေတယ်လို့ နယ်ဆန်စပါးရောင်းဝယ်တဲ့ကုန်သည်တွေက ဆိုပါတယ်။

မတ်ပဲ

          မတ်ပဲကတော့ဒီတစ်ပတ်မှာ အနည်းငယ်အပြောင်းအလဲရှိပါတယ်။ ဆက်တိုက်ဈေးမြင့်တက်နေခဲ့ရာမှ ဒေါ်လာဈေး အနည်းငယ်ကျဆင်းသွားတဲ့အပြင် အိန္ဒိယနိုင်ငံအတွက် မတ်ပဲဈေးကျဆင်းသွားတဲ့ အတွက်ပြည်တွင်း မတ်ပဲဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။ဒါပေမယ့် ၂ ရက်အတွင်း ဈေးပြန်မြင့်တက်လာခဲ့ပြီး မတ်ပဲက ဆက်ပြီးတက်နိုင်ဦးမယ်လို့ အိန္ဒိယပဲဈေးကွက် သတင်းမှာဖော်ပြထားပါတယ်။

          အိန္ဒိယအစိုးရကတော့ မတ်ပဲဈေးမြင့်တက်တာတွေနဲ့ပတ်သတ်ပြီး အရေးယူတာတွေ မြန်မာအစိုးရနဲ့ G to G ဝယ်ယူနိုင်ဖို့ ဆောင်ရွက်တာတွေစသဖြင့် ဘက်ပေါင်းစုံက ဆောင်ရွက် နေပေမယ့် ပဲဈေးက မကျဆင်းနိုင်တဲ့အတွက် ဘရာဇီးနိုင်ငံက မတ်ပဲတွေကိုတင်သွင်းဖို့ ဆွေးနွေးညှိုနှိုင်းတာတွေ လုပ်နေတယ်လို့ အိန္ဒိယအစိုးရက တာဝန်ရှိသူ တစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ဖော်ပြောဆိုထားကြောင်း Current Content က ဖော်ပြထားတဲ့ ဘာသာပြန်သတင်းတစ်ပုဒ်ကနေ သိရပါတယ်။

          မြန်မာ့မတ်ပဲတွေကို လာမယ့် ၂၀၂၅ ထိ တင်သွင်းခွင့်ရဦးမှာဖြစ်ပြီး အဆိုပါ ပြောဆိုချက်တွေဟာ အဆမတန် မြင့်တက်နေတဲ့ မတ်ပဲဈေးကို ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ အိန္ဒိယအစိုးရဟာ မတ်ပဲတင်ပို့ရောင်းချတာတွေနဲ့ ပတ်သတ်ပြီး အမျိုးမျိုးသော မူဝါဒတွေ ထုတ်ပြန်ပြီး ဈေးတွေကို ထိန်းချုပ်တာတွေ ပြုလုပ်ခဲ့ပေမယ့် မြန်မာပြည်တွင်းမှာ မတ်ပဲ အထွက်နှုန်းလျော့နည်းတာတွေ သွင်းအားစု မြင့်တက်တာတွေ၊ ပြည်တွင်းငွေလဲလှယ်နှုန်းမြင့်တက်လာတာတွေ၊ အိန္ဒိယနိုင်ငံတွင်း မတ်ပဲလို အပ်ချက် မြင့်မားလာတာတွေကြောင့် ဈေးကလက်ရှိမှာ အမြင့်ဆုံးအခြေအနေထိရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

          ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၂၆၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ FOB ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉၂၀ ကနေ ၉၄၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၁၈၀၀၀ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အခြားနယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ မုံရွာ၊ ပြည်တို့မှာလည်း တစ်တင်းကို ၇၁၀၀၀ ကနေ ၇၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေပါတယ်။

ပဲစင်းငုံနီ

        ပဲစင်းငုံနီကတော့ ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြန်အေးသွားပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးအတက်အကျကြောင့် ဈေးအပြောင်း အလဲ ဖြစ်သွားခဲ့ပေမယ့် FOBဈေးနှုန်းကတော့ ဈေးမြင့်တက်နေပါတယ်။ အိန္ဒိယပဲသတင်းတွေမှာလည်း ပဲစင်းငုံနီဟာ ဆက်ပြီးတက်နိုင် မယ်လို့သုံးသပ်ထားသလို ပြည်တွင်းပဲကုန်သည်တွေကလည်း ပဲလက်ကျန်လျော့နည်းနေတဲ့ ပဲစင်းငုံနီဟာ လက်ရှိမှာ ဈေးကျဆင်းနိုင်ဖို့ မရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။

      ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၆၇၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀ လောက်သာ အတက်ရှိပါတယ်။ FOB ဈေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၀၄၀ ကနေ ၁၀၈၀ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၄၀လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြား နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၈၄၀၀၀ ကနေ ၈၄၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

စားတော်ပဲ

         စားတော်ပဲကတော့ လက်ရှိမှာစံချိန်တင်မြင့်တက်နေပြီး အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ ပြည်တွင်း စားသုံးမှုများတဲ့ ပဲလည်းဖြစ်ပြီး စိုက်ဧကလည်း အများအပြား မရှိတဲ့အတွက် ဈေးက ပိုကောင်းရရှိနေတာ ဖြစ်ပါတယ်။ ပြည်ပကနေ တင်သွင်းတဲ့ စားတော်ပဲ (ကနေဒါ)တွေကတော့ ဈေးသက်သာပေမယ့် ပြည်တွင်း စားတော်ပဲက အရည်အသွေးပိုကောင်းတာဖြစ်လို့ စားသုံးမှုလည်း များတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ စားတော်ပဲ တစ်ပိဿာကို ၆၆၆၅ ကနေ ၇၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၈၀၀၀ ကနေ ၄၀၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၁၁၅၀၀၀ ကနေ ၁၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေး တက်လာပါတယ်။

Source: AMIA

 https://t.me/htwettoe

Category: Local News