Local News

ဒေသစုံမှထွက်ရှိလာသည့် ဗမာကြက်သွန်ဖြူများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်

Last Updated:

မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာကုန်စိမ်းသီးနှံဈေးကွက်သို့ ဒေသစုံမှထွက်ရှိလာသည့် ဗမာကြက်သွန်ဖြူများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း အ‌ရောင်းအဝယ်ကောင်းမွန်လာကြောင်း မန္တလေးမြို့အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့ကုန်စိမ်းသီးနှံဈေးကွက်အတွင်းသို့ ဒေသစုံမှထွက်ရှိသည့် ဗမာကြက်သွန်ဖြူများ နေ့စဉ်ကာအစီး‌ရေ သုံးစီးမှ လေးစီးခန့် ပုံမှန်ဝင်ရောက်နေကြောင်း၊ ဗမာကြက်သွန်ဖြူများသည်  ဒေသစုံမှထွက်ရှိလာပြီး ဈေးကွက်သို့  လှိုင်လှိုင်ဝင်ရောက်လာကာ  ယခုလက်ရှိ   ဗမာကြက်သွန်ဖြူဈေးနှုန်းများမှာ  အရွယ်အစားပေါ်မူတည်ပြီး   တစ်ပိဿာလျှင်  ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ ဈေးတို့ဖြင့်အရောင်းအဝယ်ဖြစ်ကာ  ဈေးကောင်းရရှိနေကြောင်း သိရသည်။

“မန္တလေးဈေးကွက်အတွင်းကို ဗမာကြက်သွန်ဖြူတွေ ဝင်ရောက်လာပြီး ဈေးကောင်းရနေပါတယ်။ ဗမာကြက်သွန်ဖြူက ကျန်းမာရေးအရ ဓာတုကင်းလွတ်လို့ စားလို့ကောင်းပြီး အရသာလည်း ကောင်းတယ်။ ကျန်းမာ‌ရေးအတွက်လည်း အထောက်အကူပြုတယ်။ ဗမာကြက်သွန်ဖြူက ဆေးဖက်လည်းဝင်ပါတယ်။ ဒေသစုံက အပြိုင်ထွက်ရှိလာပြီး ဈေးကွက်အတွင်းကို ဗမာကြက်သွန်ဖြူတွေ နေ့စဉ်လှိုင်လှိုင်ဝင်ရောက်လာပါတယ်။ စိုက်ပျိုးမှုတွေကလည်း ရာသီဥတုအခြေအနေ ဖောက်ပြန်နေတာကြောင့် စိုက်သူနည်းသွားတယ်။ ဒါကြောင့် ဈေးကောင်းရနေပါတယ်။ အရောင်းအဝယ်တွေ ကောင်းနေတာကြောင့် တောင်သူတွေအတွက်လည်း အဆင်ပြေကြပါတယ်။ ကျန်တဲ့သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်၊ ‌ဂေါ်ဖီ၊ အာလူး၊ မုန်ညင်း၊ ဗိုလ်စားပဲ၊ ပဲရှည်သီး၊ ကြက်ဟင်းခါးသီး၊ မုန်ညင်းဖြူ၊ ခါကြက်ဥစတဲ့ သီးနှံတွေလည်း အသင့်အတင့်ရောင်းအားကောင်းနေပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဗမာကြက်သွန်ဖြူကို တောင်ပေါ်မြေပြန့်နေရာများတွင် စိုက်ပျိုးနိုင်ကြောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မြန်မာထွက်ကုန် ကြက်သွန်ဖြူကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ကုန်စိမ်းဈေးကို ပုံမှန်အတိုင်းဖွင့်လှစ်ပြီး စည်ကားစွာရောင်းချနေကြောင်း၊ လက်ရှိအချိန်တွင် ဈေးသို့ကုန်မျိုးစုံဝင်ရောက်နေသည့် ကားအစီးရေမှာ နေ့စဉ်ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News