Local News

ဘိုကလေးဒေသထွက် ပင်လယ်ကဏန်းများကို ရန်ကုန်မှတဆင့် ပြည်ပသို့ တင်ပို့ရောင်းချ

Last Updated:

ဘိုကလေးမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့  တင်ပို့ရောင်းချသည့်  ပင်လယ်ကဏန်းများကို  ရန်ကုန်မြို့မှတဆင့်  ပြည်ပဈေးကွက်သို့  တင်ပို့ရောင်းချလျက်ရှိရာ  ထိုင်းနိုင်ငံ၊  တရုတ်နိုင်ငံနှင့်  စင်ကာပူနိုင်ငံတို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှထွက်ရှိသည့် ပင်လယ်ကဏန်းများကို ရန်ကုန်မြို့မှ ဝယ်ယူမှုများပြားနေသောကြောင့် အရောင်းသွက်လာကြောင်း ဘိုကလေးမြို့နယ်၌ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ လက်ရှိအချိန်ထိ အရောင်းသွက်နေပြီး လက်ရှိတွင် ငါးရက်လျှင် တစ်ကြိမ်သန့်စင်ပြီး ပင်လယ်ကဏန်းပိဿာချိန် ၅ဝဝ မှ ၁ဝဝဝ အထိ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရကြောင်း သိရသည်။ “လက်ရှိ ကဏန်းက ပြည်တွင်းဈေးကွက်မှာ အဝယ်လိုက်နေပြီး အရောင်းသွက်လာပါတယ်။ အခုလို တင်ပို့ကုန်များလာတော့ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေအပြင် အဲဒီလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေလည်း အဆင်ပြေလာပါတယ်။ ရန်ကုန်မြို့ကနေတဆင့် တခြားဒေသတွေကို ပြန်လည်တင်ပို့လာတာကြောင့်လည်း အဝယ်လိုက်လာတာပါ” ဟု ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးအေးက ပြောသည်။

လက်ရှိတွင် ဘိုကလေးမြို့နယ်၌ ဒေသထွက်ပင်လယ်ကဏန်း ၁ဝ ပိဿာလျှင် ငွေကျပ် ၁၆၅ဝဝဝ ဝန်းကျင်ဈေးရှိပြီး အဆိုပါဒေသထွက် ရေထွက်ကုန်များဝယ်လိုအားကောင်းနေခြင်းကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ မွေးမြူရေးလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများနှင့် ကုန်တင် ကုန်ချလုပ်သား များပါ အလုပ်အကိုင် အဆင်ပြေလာကြောင်း သိရသည်။

Source: https://t.me/popularjournal

Category: Local News