International News

စူးအက်တူးမြောင်းကို မဖြတ်သန်းပဲ ဂျုံတင်ပို့မှု ပိုမိုများပြားလာကြောင်းတွေ့ရှိ

Last Updated:

ဂျုံစေ့/ဂျုံပင်ဆိုင်ရာ အချက်အလက်များဖော်ပြသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက် (WTO Wheat Dashboard) အရ ပြီးခဲ့သည့်သီတင်း ၂ ပတ်အတွင်း လုံခြုံရေးစိုးရိမ်မှုများကြောင့် ဂျုံသယ်ယူပို့ဆောင်သော သင်္ဘောများသည် စူးအက်တူးမြောင်းကို ရှောင်ရှားခဲ့ကြောင်းနှင့် တူးမြောင်းကိုဖြတ်သန်းလျက်တင်ပို့မှုတွင် ယမန်နှစ်အလားတူကာလထက် ၄၀ % ကျဆင်းကာ မက်ထရစ်တန် ၀.၅ သန်းခန့်ရှိကြောင်း ဖော်ပြထားပါသည်။

ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်းတို့မှ ထွက်ရှိသည့်ကောက်နှံများ၊ ဆီထွက်သီးနှံများ၊ ဆီထွက်သီးနှံထုတ်ကုန် မက်ထရစ်တန် ၇၆ သန်း ခန့်ကို အာရှနှင့်အရှေ့အာဖရိကနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ကမ္ဘာ့ကုန်သွယ်မှု၏ ၁၇% ခန့်ရှိပါသည်။

ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်းတို့က အာရှနှင့်အရှေ့အာဖရိကနိုင်ငံများသို့ စူးအက်တူးမြောင်းမှလွဲ၍ အခြားလမ်းကြောင်းများ အသုံးပြုတင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီက ၃ % ၊ ဒီဇင်ဘာလအတွင်း ၈ % နှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဝက်အတွင်း ၄၂% ထိ တိုးတက်ခဲ့ပါသည်။ အခြားလမ်းကြောင်းများမှ ဂျုံတင်ပို့မှုပမာဏသည် ပြီးခဲ့သည့်နှစ်က မက်ထရစ်တန် ၅ သောင်းခန့်သာ ရှိခဲ့သော်လည်း ဒီဇင်ဘာလမှ ဇန်နဝါရီလလယ်အတွင်း ၃၃၀,၀၀၀ မက်ထရစ်တန် ရှိခဲ့ပါသည်။

ဒီဇင်ဘာလမှ ဇန်နဝါရီလလယ်အတွင်း ရုရှားနိုင်ငံမှ ဂျုံ မက်ထရစ်တန် ၁၉၀,၀၀၀ ကို အခြားလမ်းကြောင်းများမှ တင်ပို့ခဲ့သော်လည်း ယူကရိန်းမှတင်ပို့မှုများမှာ စူးအက်တူးမြောင်းကိုသာ အသုံးပြုကြောင်း တွေ့ရှိရပါသည်။

အချက်အလက်အသစ်များအရ မကြာသေးမီကာလများက ပင်လယ်ရေကြောင်းမှတဆင့် ဂျုံ တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်ကထက် အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့ဂျုံကုန်သွယ်မှုသည် ကိုဗစ် ၁၉ ကပ်ရောဂါနှင့် လက်ရှိဖြစ်ပွားနေသော ပင်လယ်နက်အတွင်း ပစ်ခတ်တိုက်ခတ်မှုများအပါအဝင် ဈေးကွက်အနှောက်အယှက်များရှိသော်လည်း ပင်လယ်ရေကြောင်း သင်္ဘောတင်ပို့မှုများကို သိသိသာသာ မထိခိုက်သေးသဖြင့် တည်ငြိမ်သေးသည်ဟုဆိုနိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဖော်ပြထားပါသည်။

Source: www.wto.org

Source: https://commerce.gov.mm

Category: International News