Local News

လက်ကျန် နည်းလာသည့်အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေ

Last Updated:

          စျေးကွက်တွင် လက်ကျန် နည်းလာသည့်အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေ ကြောင်းမြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ထို့အပြင် လတ်တလော ဒေါ်လာစျေး မှာ မြင့်တက်လာခြင်းကြောင့် စျေးမှာ အတက်စျေး တွင်ရှိနေခြင်းကြောင်း သိရသည်။ “ပြည်တွင်းမှာလဲ သကြားရောင်းစရာ သိပ်မကျန်တော့ဘူး၊ လက်ကျန်နည်းတာလဲပါမယ်။ အခုရက်ပိုင်းငွေစျေးတွေ လဲပြောင်းသွားတယ်။ အဲ့တော့ သကြားစျေးလည်း လိုက်တက်တာပေါ့။ ဒါပေမဲ့ အရောင်းဝယ်အများကြီး မဖြစ်သေးဘူး” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးစိန်းထွန်း ကပြောသည်။ 

       ပြီးခဲ့သည့်လက  ပြည်တွင်း၌ သကြားတပိဿာလျှင် ၃၀၇၅ ကျပ်သာ ရှိခဲ့ပြီး  လက်ရှိ ၃၂၀၀မှ ၃၃၀၀ဝန်းကျင် အထိ  ပေါက်စျေးထိ ရှိကြောင်း သိရသည်။ ဒေသအလိုက် အချိန်နှင့်အမျှ  လည်း ဈေးနှုန်းပြောင်းလဲနိုင်ပြီးပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက  စျေးနှုန်းအဆမတန် မြင့်တက်လာကြောင်း သိရသည်။ လက်ရှိ export အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိနေပြီး အဆိုပါ  နိုင်ငံသို့ သကြားမကြိတ်ခင် ကြိုတင်စာချုပ်ဖြင့် နှစ်စဉ်တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

     “ဗီယက်နမ်ကို ထပ်ပြီးမရောင်းနိုင်ဘူး ၊ ကြံကြိတ်ရာသီကလဲ ပြီးသွားပြီ ၊ကြံကြိတ်စက်တွေလဲ တော်တော်များများရပ်သွား ပြီဆိုတော့ ဗီယက်နမ်ကို ပို့မယ်ဆိုတဲ့ ဟာတွေကလဲ မကြိတ်ခင် တည်းကကြိုရောင်းထားတဲ့သကြားတွေ တင်ပို့နေတာ။ နောက်ထပ်တော့  စာချုပ်ထပ်မချုပ်ရသေး" ဟု  ၎င်းက ဆက်လက်ပြောသည်။ ၂၀၂၂-၂၀၂၃ နောက်ဆုံး ကောက်ယူထားသည့် စာရင်းအရ ပြည်တွင်းသကြားထုတ်လုပ်နိုင်မူ တန်ချိန်လေးသိန်း နီးပါးထွက်ရှိထားပြီး လက်ရှိလက်ကျန်မှာ သကြားတန်ချိန် တစ်သိန်းခန့်သာရှိတော့ကြောင်း  သိရသည်။

     မြန်မာနိုင်ငံ၏    ကြံကြိတ်ခွဲရာသီသည် နှစ်စဉ်ဒီဇင်ဘာလတွင်စတင်ပြီး ဧပြီလဆန်းပိုင်တွင် ကုန်ဆုံးလေ့ရှိခြင်းကြောင့် သကြားလက်ကျန်မှာနည်းနေခြင်းဖြစ်သည်။ ယခုနှစ် ကြံစိုက်တောင်သူများအနေဖြင့်သကြားစျေးကောင်းခဲ့သည့်အတွက် စျေးနှုန်းရရှိမူ တွက်ခြေကိုက်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းသကြားစက်ရုံများအနေဖြင့်  ကြံကြိတ်ရာသီအတွက် ကြံစျေး ၉ သောင်း သတ်မှတ်ထားရာမှ လက်ရှိသကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅၀၀၀မှ ၁၀၀၀၀၀အထိ တိုးပေးခဲ့ကြောင်း တောင်သူများထံမှ သိရသည်။ 

      “သကြားစျေးက အခုနှစ်မှာ နိုင်ငံတကားစျေးမှာလည်း မြင့်တက်နေတော့ ကံကောင်းသွားတာ။ ပြည်တွင်းစာသုံးမူလည်းရှိတော့ အဆင်ပြေတာပေါ့”  ဟု ကြံစိုက်တောင်သူတစ်ဦးကပြောသည်။ ကြံကို အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊  ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် (မြောက်ပိုင်း)တို့တွင် စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။

Source: https://t.me/htwettoe

Category: Local News