Local News

မတ်ပဲဈေးနှုန်း ဆက်တိုက်ကျဆင်းခြင်းမှာ အိန္ဒိယနိုင်ငံက ဝယ်လိုအားနည်းခြင်းကြောင့်သာဖြစ်

Last Updated:

          ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်းဆက်တိုက် ကျဆင်းရခြင်းမှာ အိန္ဒိယလိုဝယ်အား လျော့နည်းခြင်းကြောင့်သာ ဖြစ်ကြောင်း ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သတင်းရရှိသည်။ ဇွန်လ ၂၁ ရက်နေ့က မြန်မာပဲမျိုးစုံ ဈေးများဆက်တိုက် မြင့်တက်နေသဖြင့်  အိန္ဒိယနိုင်ငံဘက်မှ မြန်မာကုန်သည်များကို ဈေးကစားမူများ ရှိနေသလားဟု မေးမြန်းခဲ့ပြီးနောက် မကြာမှီတွင် အိန္ဒိယနိုင်ငံပို့ကုန် မတ်ပဲဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်။ 

        ဇွန်လ ၂၇ ရက်တွင် ကောက်ယူခဲ့သော ဈေးနှုန်းအရ  မတ်ပဲ တစ်တန်ဈေးနှုန်းမှာ ၂၂၃၀၀၀၀ ခန့်ရှိပြီး တစ်တန်လျှင် ၂၄၀၀၀၀၀ ကျပ်မှ ငွေကျပ် နှစ်သိန်းကျော် ဈေးကျဆင်းလာခြင်းဖြစ်သည်။ အချို့ကုန်သည်များသည် မတ်ပဲဈေးနှုန်းများ အရမ်းမြင့်တက်နေသောကြောင့် ဈေးဆွဲချခြင်းများ ပြုလုပ်သဖြင့် မတ်ပဲဈေးနှုန်းများ ဈေးကျဆင်းနေခြင်းဖြစ်သည်ဟု လှောင်လက်အချို့ကဆိုသည်။ 

       “ကုန်က ရန်ကုန်လှောင်လက်တွေရော၊ နယ်ရောပေါင်းရင် လက်ကျန်လုံလောက်မူရှိပါတယ်။ အဓိကကတော့ အိန္ဒိယနိုင်ငံဘက်က ပဲအဝယ်အေးသွားလို့ ပဲဈေးတွေ ဆက်တိုက်ကျဆင်းတာပါ။ သူတို့ဘက်မှာ မိုးရွာတော့ မတ်ပဲတွေ စိုက်ပျိုးကြလို့ အရောင်းအဝယ်အေးတာပါ” ဟု ဒေါက်တာ မြတ်စိုးကပြောသည်။ အိန္ဒိယနိုင်ငံတွင် မုတ်သုတ်လေဝင်ရောက်မူရှိလာသဖြင့် အိန္ဒိယတောင်သူများ မတ်ပဲများစိုက်ပျိုးလာကြသောကြောင့် ဈေးကွက်တွင် မတ်ပဲအရောင်းအဝယ်အေးနေကြောင်း ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဗဟိုအလုပ်မူဆောင်ဒေါက်တာ မြတ်စိုးကပြောသည်။ 

     “အိန္ဒိယနိုင်ငံဘက်က မိုးရွာလာတော့ ပဲစိုက်လို့ရတဲ့အနေအထားဖြစ်သွားလို့ အဝယ်အေးသွားလို့၊ အရောင်း၊ အဝယ်သိပ်မလိုက်တော့လို့ ဈေးကျတာပါ။ ဝယ်သူက ဈေးမပေးတော့လည်း ဈေးကျရတာပေါ့” ဟု ပဲအရောင်းဝယ်ပြုလုပ်နေသည့် ဒေါက်တာမြင့်ဦးကပြောသည်။ ပြီးခဲ့သည့် နှစ်ရက်ခန့် ( ဇွန်လ ၂၅) ရက်နေ့က မတ်ပဲ တစ်တန်လျှင် ငွေကျပ် ၂၃၈၀၀၀၀ ဈေးပေါက်ရာမှ ထပ်မံဈေးကျဆင်းလာခြင်းဖြစ်ပြီး မတ်ပဲ ဈေးအတက်ကျသည် အိန္ဒိယနိုင်ငံဝယ်လက်နှင့်သာ သက်ဆိုင်မူရှိပြီး ဒေါ်လာပေါက်ဈေးနှင့် သက်ဆိုင်မူမရှိကြောင်း ပဲလုပ်ငန်းရှင်များကပြောသည်။ 

       အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားသည့်အပြင် ပြည်တွင်းတွင်လည်း  ပဲအထွက်နှုန်းလျော့ကျလာခြင်း၊ သွင်းအားစု ဈေးနှုန်းကြီးမားခြင်းတို့ကြောင့် တွတ်ခြေကိုက်ရန် တက်ဈေးစောင့်ရောင်းချရခြင်းဖြစ်သည်ဟု လှောင်လက်အချို့ကဆိုသည်။ အိန္ဒိယနိုင်ငံသို့ ယခုဘဏ္ဍနှစ်အတွင်း ပဲတန်ချိန် ၂ သိန်းကျော် တင်ပို့ခဲ့ပြီး ဆက်လက်တင်ပို့ရန်  ပဲတန်ချိန် လေးသိန်းခန့် လိုအပ်နေကြောင်း ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ စုံစမ်းသိရှိရသည်။ 

      လက်ရှိအချိန်တွင် အိန္ဒိယအစိုးရဘက်မှ မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပြီး G to G အစိုးရခြင်း တင်ပို့နိုင်ရန်လည်း နှစ်နိုင်ငံ အစိုးရအကြား ဆွေးနွေးညှိနှိုင်းမူများ ပြုလုပ်နေသောကြောင့် ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သတင်းရရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ချက်လက်များအရ လက်ရှိဘဏ္ဍနှစ်မှ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ၃ ဒသမ၄ သိန်း ကျော်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၇၀ နီးပါး ရရှိထားသည့်ဟု သိရှိရသည်။ 

Source: Myanmar Awba

 

 

 

Category: Local News