Local News

နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်ထား

Last Updated:

          နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် မြန်မာ - ထိုင်းနယ်စပ် လမ်းကြောင်းများမှတဆင့် ကုန်သွယ်မှုအများဆုံးပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဇွန်လ (၁၆) ရက်အထိ အမေရိကန်ဒေါ်လာ (၁) ဘီလျံကျော်အထိ ကုန်သွယ်မှုပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

        မြန်မာ့လယ်ယာ ထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းတို့ကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ထားပြီး အဆိုပါ ကဏ္ဍမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၇၆ ဒသမ ၁၉၉ သန်း ရရှိထားကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံး ကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် စသည်တို့ကို ကန်ဒေါ် လာ ၄၆၁ ဒသမ ၄၆၆ သန်းတန်ဖိုး တင်သွင်းထားကြောင်း သိရသည်။

       အလားတူ မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈၀၉ ဒသမ ၆၁၃ သန်းခန့် ကုန်သွယ်မှု ပြုလုပ်ထားပြီးမြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်လမ်းကြောင်းမှ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁၄၃ သန်း၊ မြန်မာ - အိန္ဒိယ နယ်စပ်လမ်းကြောင်း တမူးနယ်စပ်ဂိတ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်းလည်း စီးပွားရးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။ လက်ရှိ မြဝတီကုန်သွယ်ရေးဇုန်၌ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ထိုင်းငွေ ဘတ်ဈေးနှုန်းမှာ မြင့်တက်နေပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၈၉ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည့်အတွက် ကုန်သည်များအနေဖြင့် အခက်ကြုံတွေ့နေကြောင်းလည်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

Source: Popular News Journal

Category: Local News