Local News

အိန္ဒိယနိုင်ငံက မြန်မာ့ထောပတ်သီး တန်ချိန် ၁၀၀၀ ဝယ်ယူမည်

Last Updated:

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီး တန်ချိန် ၁၀၀၀ ကို ဝယ်ယူရန်အတွက် အိန္ဒိယနိုင်ငံက မှာယူကမ်းလှမ်း ထားကြောင်း ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါသည်။ ထောပတ်သီး ဝယ်ယူရန်အတွက် ပြည်ပ နိုင်ငံအချို့ထံမှ အမှာစာများ ရရှိထားရာတွင် အိန္ဒိယနိုင်ငံက ထောပတ်သီးတန်ချိန် ၁၀၀၀၊ ပြင်သစ်နိုင်ငံက ထောပတ်သီးတန်ချိန် ၈ တန် မှာယူထားကြောင်း သိရှိရပါသည်။

လက်ရှိတွင် ပြည်တွင်း၌ ထောပတ်သီးများ စတင်ထွက်ပေါ်နေပြီဖြစ်သော်လည်း ပြည်ပသို့ တင်ပို့နိုင်မည့် အရည် အသွေးကောင်းသည့် ထောပတ်သီးများမှာ နိုဝင်ဘာလဆန်းပိုင်းတွင် လှိုင်လှိုင်ထွက်ရှိမည် ဖြစ်ပါသည်။

ပုံမှန်အားဖြင့် ထောပတ်သီးကို ပြည်ပဈေးကွက် တင်ပို့ရာတွင် မှာယူမှုများပြီး နိုင်ငံချင်း နီးစပ်သည့် ထိုင်းနိုင်ငံ ဈေးကွက်ကို အဓိကထား တင်ပို့နေခြင်းဖြစ်ကာ လက်ရှိတွင် ကြိုတင်အမှာစာ ပေးပို့ကာ ဝယ်ယူမှုရှိနေသည့် အိန္ဒိယနှင့်ပြင်သစ်နိုင်ငံများသို့ ဦးစားပေး တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

ပြည်ပနိုင်ငံများသို့ ထောပတ်သီး တင်ပို့ရာတွင် ကမ္ဘာ့ပေါက်ဈေးနှင့်အညီ ထောပတ်သီး တစ်တန်လျှင် ကျပ် ၃၅ သိန်းဖြင့် ရောင်းချရန် အဆိုပြုထားကြောင်း သိရှိရပါသည်။

Source: http://www.opinionleadersmm.com

 

Category: Local News