ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဒေသထွက်ဖူးစားပြောင်း အဖူးရေ ၉၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျုံပျော်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မီမီဝင်းက ပြောပြ၍ သိရသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဒေသထွက်ဖူးစားပြောင်းအဖူးရေ ၇၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ဖူးစားပြောင်းအဖူးရေ ၉၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကျုံပျော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဖူးစားပြောင်း အဖူးရေ ၉၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ကျုံပျော်မြို့နယ်ကနေ ဒေသထွက်ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှု အားကောင်းနေလို့တင်ပို့အားကောင်းခဲ့တာဖြစ်ပါတယ်။ ဖူးစားပြောင်းတွေ တင်ပို့ရောင်းချနေရတော့ ကုန်သည်တွေကအစ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာပါတယ်။ ကျုံပျော်မြို့နယ်ကနေ တင်ပို့ရောင်းချခဲ့တဲ့ ဖူးစားပြောင်းတွေက အရည်အသွေးကောင်းပါတယ်” ဟု သိရသည်။ ကျုံပျော်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ဖူးစားပြောင်းများကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဒေသထွက်ဖူးစားပြောင်း အဖူးရေ ၁၀၀၀ လျှင် ငွေကျပ် ၃၄၀၀၀၀ မှ ၃၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ကျုံပျော်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မီမီဝင်းက ဆက်လက်ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ