ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ဒေသထွက် နဂါးမောက်သီးများ ဝယ်ယူမှုများပြားပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ရေကြည်မြို့နယ် နဂါးမောက်သီးစိုက်ပျိုးရေးနှင့် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးရီက ပြောပြသည်။ ရေကြည်မြို့နယ်တွင် ဒေသထွက် နဂါးမောက်သီးများကို ဇန်နဝါရီလ ဒုတိယပတ်မှ ယနေ့ထိ ဝယ်ယူမှုများပြားပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသထွက်နဂါးမောက်သီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၀၀၀၀ ထိ ပေါက်ဈေးရှိပြီး ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေကြောင်း သိရသည်။ “ရေကြည်မြို့နယ်မှာက နဂါးမောက်သီးတွေကို အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးထုတ်လုပ်နေပါတယ်။ အော်ဂဲနစ်နည်းစနစ်နဲ့ စိုက်ထားတဲ့အတွက် နဂါးမောက်သီးတွေက ရက်ရှည်အထားခံပါတယ်။ အရသာလဲ ထူးခြားတယ်။ ဈေးကွက်မှာလဲ ရောင်းပန်းလှသလို ဝယ်ယူသူတွေကလဲ ရိုးရိုးအသီးနဲ့ ယှဉ်ရင် ပိုကြိုက်နှစ်သက်ပါတယ်။ ရေကြည်ဘက်မှာကလက်ရှိကာလဟာ နဂါးမောက်သီးတွေ စတင်ထွက်ရှိနေပြီးဖြစ်ပါတယ်။ ထွက်ရှိနေတဲ့ နဂါးမောက်သီးတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်” ဟု သိရသည်။ ရေကြည်မြို့နယ်တွင် အော်ဂဲနစ်နည်းဖြင့် တောင်သူတစ်ဦးလျှင် နဂါးမောက်သီး တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြပြီး စိုက်နည်းစနစ်များကို ဒေသခံလုပ်ငန်းရှင်များ၊ တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များ ပူးပေါင်းစိုက်ပျိုး ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ဒေသထွက် နဂါးမောက်သီးများအရောင်းအဝယ်ကောင်းမွန်နေသဖြင့် လာမည့်ဆောင်းကာလတွင် နဂါးမောက်သီးဧက ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ