မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီသီးနှံများကို ချောက်ကန်၊ မန်ကျည်းကိုးပင်၊ အင်ပင်၊ ကန်လှ၊ ဒဟက်ချောက်၊ ကန်တိန်၊ ကန်ရပ်၊ သမင်အုပ်စသည့် ကျေးရွာများတွင် သီးထပ်သီးညှပ်အဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင် ကြပြီး လက်ရှိအချိန်အထိ တောင်သူလက်ကျန်များပြားကာ ဆက်လက်ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သက်ကြီး၊ သက်လတ်အမျိုးအစား ပဲစင်းငုံနီသီးနှံများကို သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး ပခုက္ကူကုန်စည်ဒိုင်သို့ ယခုနှစ် ဇန်နဝါရီလမှစတင်ပြီး ပဲစင်းငုံနီသစ်များ နေ့စဉ်အိတ်ရေပေါင်း ၃၀၀ မှ ၁၂၀၀ အကြား ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပဝယ်ယူမှုရှိနေခြင်းတို့ကြောင့် နေ့စဉ်အိတ်ရေပေါင်း ၇၀ မှ ၇၀၀ အထိ ဆက်လက်အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပခုက္ကူကုန်စည်ဒိုင်ထံမှ သိရသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီအပါအဝင် ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ၊ ပဲယင်းဝါနှင့် နှမ်းမျိုးစုံသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိပြီး ဒေသတွင်းထွက်ရှိသည့် ပဲစင်းငုံသီးနှံကို ရန်ကုန်(ဘုရင့်နောင်ပွဲရုံ) ရန်ကုန် ရွှေပြည်သာနှင့် ပြည်ပနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ