Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၅၇၀၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၅၇၀၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၄၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဇန်နဝါရီလက ဖီးကြမ်းငှက်ပျောသီးတွေ ရန်ကုန်ဈေးကွက်ကို တင်ပို့မှုကောင်းခဲ့ပါတယ်။ ဒေသထွက်သီးနှံတွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ပြည်တွင်းမှာကို ငှက်ပျောတွေက ဝယ်ယူမှုများနေတဲ့ အခြေအနေရှိနေပါတယ်။ လက်ရှိ ငှက်ပျောသီးဈေးကလဲ အရင်ကထက် အနည်းငယ် ကောင်းလာပါတယ်” ဟု ပန်းတနော်မြို့နယ် ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ အတွင်း တင်ပို့ရောင်းချခဲ့သည့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသထွက် ငှက်ပျောများ အရောင်းအဝယ်ကောင်းနေသည့်အတွက် လုပ်သားများ၊ ကုန် သည်များ၊ ငှက်ပျောစိုက်ပျိုးသူများ၊ ပွဲရုံပိုင်ရှင်များ အလုပ်အကိုင်အခွင်းအလမ်းကောင်းနေကြောင်း ပန်းတနော်မြို့နယ် ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News