Local News

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ငရုတ်သီးနှံများ ထွက်ပေါ်၍ အကျိုးအမြတ်ရရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့်  ငရုတ်သီးနှံကို ကျေးရွာတစ်ရွာ၌ စိုက်ဧက ၁၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ငရုတ်သီးနှံ မျိုးစေ့များကို စက်တင်ဘာလတွင် ပျိုးအိတ်ဖြင့် ပျိုးထောင်ကာ အောက်တိုဘာလတွင် ပျိုးပင်သက်တမ်း တစ်လသားခန့်အရွယ်ရှိ ငရုတ်ပင်များကို မြေချ၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ခူးဆွတ်ရကြောင်း၊ သာမို-၁၁ နှင့် မောင်တိန်-၀၄၄ ငရုတ်မျိုးများ စိုက်ပျိုးကြပြီး သာမို-၁၁ မျိုးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၇ သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် ငရုတ်သီးအစို ပိဿာချိန် ၁၅၀၀-၁၇၀၀ ခန့် ထွက်ရှိကာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ သီးနှံအထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက မုံရွာမြို့ရှိ ကုန်စိမ်းပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချမှုရှိသည့်အပြင် ပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ထိုမှ တစ်ဆင့် မန္တလေးမြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း ယခုနှစ်တွင် ငရုတ်သီးနှံ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News