ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း လယ်ကဏန်း ပိဿာချိန် ၅၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းသူက ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း လယ်ကဏန်း ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ လယ်ကဏန်းပိဿာချိန် ၅၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ လယ်ကဏန်းများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ ကဏန်းတွေအပါအဝင် ရေထွက်ကုန်ပစ္စည်းတွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ဇန်နဝါရီလအတွင်း ရန်ကုန်ဈေးကွက်ထဲကို လယ်ကဏန်းပိဿာချိန် ၅၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတဲ့ ကဏန်းတွေက လယ်ကွင်းထဲက ဖမ်းယူရရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာလဲ ကျိုက်လတ်မြို့နယ်ကနေ တင်ပို့ရောင်းချတဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ကဏန်းတွေအဝယ်လိုက်နေတာက ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေး ကွက်ရှိလာတာကြောင့် ဖြစ်ပါတယ်။ ကဏန်းတွေ ဝယ်ယူမှုကောင်းလာတော့ ရေလုပ်ငန်းရှင်တွေက အရောင်းအဝယ်လုပ်ငန်း ပိုမိုလုပ်ကိုင် လည်ပတ်လာပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်း ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းသူ ကပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ကဏန်းများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့် လယ်ကဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ