ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နှစ်လခွဲစပါး တင်းရေ ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းမြတ်က ပြောပြသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက နှစ်လခွဲစပါး တင်းရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ နှစ်လခွဲစပါး တင်းရေ ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နှစ်လခွဲစပါး တင်းရေ ၇၈၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ကျောင်းကုန်းမြို့နယ်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချပါတယ်။ နှစ်လခွဲစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေလို့ တင်ပို့အားကောင်းခဲ့တာ ဖြစ်ပါတယ်။ နှစ်လခွဲစပါးကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ အခြားစပါးတွေနဲ့ ယှဉ်ရင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာကော လတ်တလောအနေနဲ့ပါ နှစ်လခွဲစပါးအမျိုးအစားက အရောင်းအဝယ် ပိုကောင်းနေပါတယ်” ဟု ကျောင်းကုန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းမြတ်က ပြောပြ၍ သိရသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် နှစ်လခွဲစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၉၉၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါစပါးများ အရောင်းအဝယ် ကောင်းမွန်လာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ