International News

ပုဂ္ဂလိက ဝယ်ယူသုံးစွဲနိုင်စွမ်း ကျဆင်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

ပို့ကုန်တင်ပို့မှုနှင့် ဝယ်ယူသုံးစွဲနိုင်စွမ်း ကျဆင်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ နှစ်စဉ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Japan Center for Economic Research ၏ ထုတ်ပြန်ချက် အရ သိရှိရကြောင်း  ၁၁-၁၂-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan's October GDP shrinks 0.1% on weak consumption: JCER” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လပတ်ကာလတွင် ယခင်သုံးလပတ်ကာလနှင့် နှိုင်းယှဉ်ပါက ၀.၄ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း Japan Center for Economic Research က ခန့်မှန်းထားကြောင်း၊ ဂျပန်နိုင်ငံ၏ ပုဂ္ဂလိက ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြ ထားပါသည်။

အဝတ်အထည်၊ အိမ်ထောင်ပရိဘောဂ၊ စားသောက်ကုန်နှင့် ဖျော်ဖြေရေးဝန်ဆောင်မှုများ အတွက် ပုဂ္ဂလိက၏ ဝယ်ယူသုံးစွဲမှုမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျဆင်းခဲ့ကြောင်း၊ အဝတ်အထည်များအတွက် ဝယ်ယူသုံးစွဲမှု ကျဆင်းခဲ့ရခြင်းမှာ ယခုနှစ်ဆောင်းရာသီတွင် ပုံမှန် ထက် အပူချိန်မြင့်မားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုန်စည်နှင့်ဝန်ဆောင်မှုများ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဝန်ဆောင်မှုတင်ပို့မှုမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့သော်လည်း ကုန်စည်တင်ပို့မှုမှာ ၄.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်သွင်းမှုမှာ ၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဖွဲ့အစည်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၂.၇ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်းနှင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ပုဂ္ဂလိကအိမ်ရာများတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၁.၆ ရာခိုင်နှုန်းနှင့် အစိုးရ၏ ပုံသေငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုမှာ ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထား ပါသည်။

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The Nikkei Asia 

Category: International News