ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ငရုတ်သီးခြောက် ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ်စားသောက်ကုန် ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ဇာဇာက ပြောပြသည်။ ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ငရုတ်သီးခြောက် ပိဿာချိန် ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ငရုတ်သီးခြောက်ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးခြောက် ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၉၇၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ “ရေကြည်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဒီဇင်ဘာလထဲမှာ ငရုတ်သီးခြောက် ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒီနှစ် ဒေသထွက် ငရုတ်သီးတွေက အရည်အသွေးကောင်းပါတယ်။ ငရုတ်သီးက အရည်အသွေးကောင်းတော့ မှာယူမှုများပြီး တင်ပို့အားကောင်းခဲ့တာပါ။ လက်ရှိငရုတ်သီးခြောက်ဈေးကတော့ ပိဿာချိန် ၁၀ ကို ငွေကျပ် ၉၇၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်မြို့နယ်ဘက်ကဝယ်လက်တွေနဲ့လဲ ချိတ်ဆက်ထားပါတယ်” ဟု ရေကြည်မြို့နယ်စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြသည်။ အဆိုပါဒေသမှ ထွက်ရှိလာသော ငရုတ်သီးများ အရည်အသွေးကောင်းမွန်ကြောင်း၊ လက်ရှိ ငရုတ်သီးခြောက်များ တင်ပို့မှုအားကောင်းလာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေနေကြောင်း ရေကြည်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ