Local News

မကွေးတိုင်းဒေသကြီး၌ ကုလားပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကူတုတ်ကျေးရွာအုပ်စုအတွင်းရှိ ညောင်တော၊ ညောင်ဘိုပင်၊ ရှစ်အိမ်တန်း၊ ဇီးကျွန်း၊ အောင်ချမ်းသာ စသည့် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကို ဧက ၅၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ကုလားပဲသီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဟော်လန်ကုလားပဲ(ဝါ)နှင့်၊ V2 ကုလားပဲ(ဖြူ)မျိုးများကို ကြံပက်စနစ်ဖြင့်သော်လည်းကောင်း၊ အတန်းလိုက်စနစ်ဖြင့်သော်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ မျိုး၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ရှစ်သိန်းခန့် ကုန်ကျကြောင်း သိရသည်။ ယခင်နှစ်က ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ငါးသိန်းခန့် ကုန်ကျခဲ့ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကုလားပဲ ၁၅ တင်းခန့် ထွက်ရှိခဲ့ကြောင်း ယခုလက်ရှိအချိန်တွင် ကုလားပဲစိုက်ခင်းများမှာ အဖူးအပွင့် ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်း ကောင်းမွန်ပါက အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News