Local News

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၌ ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး အကျိုးအမြတ်ရ

Last Updated:

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ကျေးရွာများ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ပခန်းကြီး၊ မြေဖြူ၊ စည်သာ၊ ဆင်ချောင်း စသည့် ကျေးရွာများတွင် ဝါသီးနှံကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဝါသီးနှံကို ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ခူးဆွတ်ရိတ်သိမ်းရကြောင်း၊ သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ ရှိပြီး ဒေသမျိုးများဖြစ်သော ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါမျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ခုနှစ်ပိဿာခန့်နှင့် ထွန်ယက်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ခူးဆွတ်ရိတ်သိမ်းခြင်းအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၆ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဝါပိဿာချိန် ၃၂၀-၃၅၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက ဝါစိုက်ခင်းများအထိ လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ပခုက္ကူမြို့နှင့် မန္တလေးမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ၍ ဝါစိုက်တောင်သူများအနေဖြင့် အမြတ်ရလျက်ရှိသည့် အပြင် ဝါခူးဆွတ်သူ (ဝါကောက်သူ)များလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News