မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်တစ်မျိုးဖြစ်သည့် ပဲစင်းငုံသီးနှံကို မိတ္ထီလာမြို့နယ်တွင် ၃၆၃၄၆ ဧက၊ မလှိုင်မြို့နယ်တွင် ၆၉၅၀၄ ဧက၊ သာစည်မြို့နယ်တွင် ၂၁၅၆ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် ၆၅၇ ဧက စုစုပေါင်း ၁၀၈၆၆၃ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။ ပဲစင်းငုံသီးနှံကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုး၍ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းရပြီး ရွှေဒင်္ဂါးပဲစင်းငုံမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ ရှိပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၈၀၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇-၈ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက မိတ္ထီလာမြို့ပေါ်ရှိပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
Source: ကြေးမုံသတင်းစာ