ပါကစ္စတန်နိုင်ငံအနေဖြင့် အစိုးရအချင်းချင်း သဘောတူညီမှု (G2G) အစီအစဉ်မှတစ်ဆင့် ဆန်တန်ချိန်တစ်သန်းကို ရောင်းချပေးမည်ဟု ဖိလစ်ပိုင်နိုင်ငံသို့ အဆိုပြုကမ်းလှမ်းထားကြောင်း မနီလာမြို့ရှိ ပါကစ္စတန်သံအမတ်ကြီးက ပြောကြားခဲ့သည်။
အခြားသော လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ဆိုင်ရာ သဘောတူညီချက်များနှင့်အတူ ဖိလစ်ပိုင်နိုင်ငံနှင့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုး နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများမှာ မကြာမီပြီးစီးမည်ဖြစ်ကြောင်း၊ ပါကစ္စတန်အနေဖြင့် ဆန်ပမာဏ အမြောက်အမြားကို ဈေးနှုန်းအလွန်သက်သာစွာဖြင့် ပေးသွင်းနိုင်သဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စားနပ် ရိက္ခာ ဖူလုံရေးခရီးလမ်းတွင် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်လာရန် ဆန္ဒရှိကြောင်းဖြင့် ၂၃ ကြိမ်မြောက် သံအမတ်ကြီး၏ သင်ခန်းစာပို့ချမှုအစီအစဉ် (23rd Ambassador’s Lecture Series) ၌ ပါကစ္စတန် သံအမတ်ကြီး Asima Rabbani က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ကျင်းပခဲ့သော စီးပွားရေးရာ ပူးတွဲကော်မရှင် အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံတစ်ခု အနေ ဖြင့် ယင်းဒေသတွင်းဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရေးမှာ အကောက်ခွန်ဆိုင်ရာ ပြဿနာ ရှိနေပြီး ရံဖန်ရံခါ၌ ၎င်းအခွန်နှုန်းထားများကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် အခက်အခဲ များဖြစ်ပေါ်နေသည်ဟု Ms. Rabbani က ပြောဆိုထားသည်။
ပါကစ္စတန်နိုင်ငံ အနေဖြင့် ဘဏ်လုပ်ငန်း၊ ငွေကြေးအရင်းအမြစ်၊ ကျန်းမာရေးနှင့် ဆေးဝါး၊ ပညာရေး စသည့် ကဏ္ဍများတွင်လည်း ဖိလစ်ပိုင်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း၊ ဖိလစ်ပိုင် အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (TESDA) ၏ သူနာပြုလုပ်ငန်းကဏ္ဍ အားကောင်းခိုင်မာအောင် ဆောင်ရွက်ခဲ့သည့် အစီအစဉ်များ ကဲ့သို့သော အတွေ့အကြုံကို နမူနာယူဆောင်ရွက်နိုင်ရန် ချိတ်ဆက်လုပ်ဆောင်လိုကြောင်းဖြင့် သံအမတ်ကြီး Ms. Rabbani က ပြောကြားခဲ့သည်။
Source: