Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကောက်ရိုးမှို ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကောက်ရိုးမှို ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကောက်ရိုးမှို ပိဿာချိန် ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်ထိ ကောက်ရိုးမှို ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကောက်ရိုးမှို တစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀၀ မှ ၁၇၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဘိုကလေးမြို့နယ်ကနေ ထွက်တဲ့ လယ်ယာထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတာများပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကောက်ရိုးမှိုပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိဒေသထွက်ကောက်ရိုးမှို တွေကို ရန်ကုန်ဈေးကွက်က မှာယူမှုများနေပါတယ်။ ဘိုကလေးမြို့နယ်မှာ အခြားစိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ယှဉ်တွဲပြီး ကောက်ရိုးမှိုစိုက်ပျိုးတဲ့လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်” ဟု သိရသည်။ ဘိုကလေးမြို့နယ်မှ ကောက်ရိုးမှိုများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများလာသောကြောင့် ကောက်ရိုးမှိုစိုက်သူများ၊ ရောင်းဝယ်သူများ၊ လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News