ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ကြက်ဟင်းခါးသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသူက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် ဒေသထွက် ကြက်ဟင်းခါးသီးများထွက်ရှိပြီး ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ ကြက်ဟင်းခါးသီးများ ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသမှထွက်ရှိသည့် ရောင်းတန်းဝင်ကြက်ဟင်းခါးသီးများ တစ်ရက်လျှင် အလုံးရေ ၂၅၀၀၀ မှ ၄၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကျောင်းကုန်းမြို့နယ်ကနေ ထွက်ရှိတဲ့ ကြက်ဟင်းခါးသီးတွေအဝယ်လိုက်ပြီး အရောင်းအဝယ်ကောင်းလာပါတယ်။ လက်ရှိဒေသမှာ ဆောင်းသီးနှံအဖြစ် စိုက်ထားတဲ့ကြက်ဟင်းခါးသီးတွေ ထွက်နေပါတယ်။ ကြက်ဟင်းခါးသီးတွေက အရည်အသွေးကောင်းပါတယ်။ ကြက်ဟင်းခါးသီးတွေကို ဒေသဈေးကွက်နဲ့ ပတ်ဝန်းကျင်အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက အဝယ်များနေပါတယ်။ ဒေသထွက် ကြက်ဟင်းခါးသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်တာ တွေ့ရပါတယ်။ အထွက်နှုန်းလဲ ကောင်းနေပါတယ်” ဟု သိရသည်။ ကျောင်းကုန်းမြို့နယ်တွင် စိုက်ပျိုးထွက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်နေသည့် ကြက်ဟင်းခါးသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသထွက် ကြက်ဟင်းခါးသီးများနှင့် အခြားကုန်စိမ်းများကို ပုသိမ်၊ ပန်းတနော်၊ မအူပင် စသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ