Local News

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ(မိုး)အသစ် ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ချောက်၊ ရေနံ ချောင်းမြို့နယ်များအတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီအသစ်များ ဇန်နဝါရီလ ဆန်းမှစတင်၍ ဆိပ်ဖြူကုန်စည်ဒိုင်သို့ ကြက်သွန်နီပိဿာချိန် ၅ သောင်းမှ ၁ သိန်းအထိ ဥပုသ်နေ့မှ လွဲ၍ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်လအတွင်း ပိဿာချိန် သိန်း ၂၀ ခန့် ဝင်ရောက်လျက်ရှိ ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှစတင်၍ ကြက်သွန်နီအသစ်များ စတင်ထွက်ပေါ်လျက်ရှိရာ သီးနှံပေါ်စအချိန်တွင် တစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ် ၃၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကြက်သွန်နီအသစ်များ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီအသစ် တစ်ပိဿာလျှင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမပတ်တွင် ထိပ်စအမြင့်ဈေး ကျပ် ၂,၂၀၀-၂,၄၇၅ ဖြင့်လည်းကောင်း၊ ဒုတိယပတ် တွင် ကျပ် ၂,၀၀၀-၂,၃၂၅ ဖြင့်လည်းကောင်း၊ တတိယပတ်တွင် ကျပ် ၁,၈၅၀-၁,၉၅၀ ဖြင့်လည်း ကောင်း၊ စတုတ္ထပတ်တွင် ကျပ် ၁,၈၇၅-၁၅၅၀ ဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူကုန်စည်ဒိုင်သို့ မိုးကြက်သွန်နီအသစ်များ ဇန်နဝါရီလဆန်းမှ စတင်၍ ကုန်စည်ဝင်ရောက်မှု များပြားလျက်ရှိရာ ဈေးနှုန်းတရိပ်ရိပ် ကျဆင်းလျက်ရှိကြောင်း၊ ဇန်နဝါရီလအတွင်း မိုးကြက်သွန်နီအသစ် တစ်ပိဿာလျှင် ကျပ် ၆၀၀ ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပြည်တွင်းဈေးကွက် အနေဖြင့် ဆိပ်ဖြူမြို့နယ်မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၊ ပုသိမ် မြို့နှင့် အခြားမြို့များသို့ နေ့စဉ်တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် တရုတ်၊ ထိုင်းတို့သို့ တင်ပို့လျက်ရှိကြောင်း၊ ဇန်နဝါရီလအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ၁၂ ဘီးကား ၁၀၄ စီးဖြင့် ပိဿာချိန် ၁၁ သိန်းခန့်၊ မြဝတီမြို့သို့ တွဲကားအစီး ၃၀ ဖြင့် ပိဿာချိန် ၆ သိန်းခန့်၊ မော်လမြိုင်မြို့သို့ ၁၂ ဘီကား ၂၂ စီးဖြင့် ပိဿာချိန် ၂ သိန်းခန့်၊ ပုသိမ်မြို့သို့ ၆ ဘီးကား ၁၅ စီးဖြင့် ပိဿာချိန် ၁ သိန်းခန့်၊ စုစုပေါင်းကြက်သွန်နီပိဿာချိန် သိန်း ၂၀ ခန့်၊ တန်ချိန် အားဖြင့် ၃၂၆၆ တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်မှသိရှိရသည်။

DOCA (မကွေး)

source: https://www.commerce.gov.mm/

Category: Local News