လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်ကင်းစင်စေရေးအတွက် ဂျပန် အစိုးရ၏ တွန်းအားပေးဆောင်ရွက်ချက် တစ်ရပ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်မှစတင်၍ ရေရှည် တည်တံ့သည့် လေယာဉ်ဆီ (Sustainable Aviation Fuel) ကို အဓိကထား သုံးစွဲသွားမည် ဖြစ်ကြောင်း ၂၉-၁၀-၂၀၂၄ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Japan sets 2030 for sustainable aviation fuels to take root” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်းတွင် ထိုသို့ ရေရှည်တည်တံ့သည့် လေယာဉ်ဆီကို ပြောင်းလဲအသုံးပြု နိုင်ရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များကို ၂၀၂၅ ဘဏ္ဍာနှစ်မှစတင်၍ ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်သည့် ရုပ်ကြွင်းလောင်စာများမှသည် အခြားသော လောင်စာများ ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍတွင် စိန်ခေါ်မှုများ ကြုံတွေ့ရလျက်ရှိကြောင်း ဖော်ပြထားပါသည်။
လေယာဉ်များတွင် ပုံမှန်အသုံးပြုလျက်ရှိသည့် လောင်စာဆီမှာ ရေနံစိမ်းကို သန့်စင် ရရှိသည့် လောင်စာဆီဖြစ်ပြီး၊ ယခုပြောင်းလဲသုံးစွဲမည့် ရေရှည်တည်တံ့သည့် လောင်စာဆီမှာ စွန့်ပစ်ဟင်းချက်ဆီများမှ ထုတ်ယူရရှိသည့် လောင်စာဆီများ ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သည့် လောင်စာဆီထုတ်လုပ်သည့် လုပ်ငန်းစဉ်မှ ကာဗွန်ဒိုင်အောက်ဆိုက်ထွက်ရှိမှုမှာ ရေနံစိမ်းမှ တစ်ဆင့် လောင်စာဆီထုတ်လုပ်ခြင်းနှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းသာ ထွက်ရှိတော့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်ရေးအတွက် လေယာဉ်များတွင် ရေရှည်တည်တံ့သည့် လောင်စာဆီတိုးမြှင့်သုံးစွဲနိုင်ရေး ဂျပန်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂျက်လေယာဉ်များမှ ထုတ်လွှတ်ခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏ၏ အနည်းဆုံး ၅ ရာခိုင်နှုန်းနှင့်ညီမျှသည့် လေယာဉ်ဆီပမာဏကို လောင်စာဆီဖြန့်ဖြူးသည့် Eneos Corp. နှင့် Idemitsu Kosan Co., အပါအဝင် ကုမ္ပဏီ ၅ ခုမှ ထုတ်လုပ်ပေးနိုင်ရေး ဂျပန်အစိုးရက တောင်းဆိုထားကြောင်း၊ ဂျပန်နိုင်ငံရှိ လေကြောင်း ကုမ္ပဏီကြီးများအနေဖြင့် ခရီးသည်တင်လေယာဉ်များတွင် ရေရှည်တည်တံ့သည့် လောင်စာ ဆီကို စတင်အသုံးပြုလျက်ရှိကြောင်း၊ သို့သော် ရေရှည်တည်တံ့သည့် လေယာဉ်ဆီကို ထုတ် လုပ်နိုင်မှုမှာ နည်းပါးနေဆဲဖြစ်ကြောင်း၊၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ ရေရှည်တည်တံ့သည့် လေယာဉ်ဆီအသုံးပြုမှုမှာ ကီလိုလီတာ ၃ သိန်းနီးပါး ရှိပြီး၊ စုစုပေါင်း လောင်စာဆီ အသုံးပြုမှုပမာဏ၏ ၀.၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။
၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်စေရေးအတွက် ရေရှည်တည်တံ့သည့် လောင်စာဆီ ကီလိုလီတာ ၄၅၀ သန်း လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် စွန့်ပစ် ဟင်းချက်ဆီများ၏ ဈေးနှုန်းမှာ မြင့်တက်လျက် ရှိခြင်းကြောင့် ပုံမှန်အသုံးပြုလျက်ရှိသည့် လေယာဉ်ဆီဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၃ ဆကျော် ကုန်ကျနိုင်မည် ဖြစ်ကြောင်း၊ ဂျပန်အစိုးရ အနေဖြင့် ရေရှည်တည်တံ့သည့် လေယာဉ်ဆီတိုးမြှင့်သုံးစွဲနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် ရာတွင် မြင့်တက်လာမည့် ကုန်ကျစရိတ်များအပေါ် မည်သူက ကျခံသွားမည်နှင့် မည်သည့်နေရာ တွင် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ကို ဆုံးဖြတ်သွားရန် လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Asahi Shimbun (၂၉-၁၀-၂၀၂၄)