International News

ဂျပန်အစိုးရအနေဖြင့် သက်ကြီးရွယ်အိုများ၏ နေအိမ်များအား ငလျင်ဒဏ် ခံနိုင်စေရေးအတွက် အတိုးမဲ့ချေးငွေများ ပေးအပ်သွားမည်

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အိုများ၏ နေအိမ်များအား ငလျင်ဒဏ် ခံနိုင်ရည်ရှိသော နေအိမ်များအဖြစ် ပြန်လည်တည်ဆောက်နိုင်ရေး ဂျပန်အစိုးရအနေဖြင့် အတိုးမဲ့ ချေးငွေများကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ၂၈-၁၁-၂၀၂၄ ရက်နေ့ထုတ် The Kyodo News သတင်းစာတွင် “Japan to offer interest-free loans to elderly to quake-proof homes” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် အစိုးရ၏ ချေးငွေထုတ်ပေးမည့် အစီအစဉ်အောက်မှ ချေးငွေရယူ၍ နေအိမ်များကို ပြန်လည်တည်ဆောက်မည့်သူများအနေဖြင့် ချေးငွေရယူနိုင်ရန်အတွက် အိမ်နှင့် မြေကို အပေါင်ပစ္စည်းအဖြစ် ထားရှိရမည် ဖြစ်ကြောင်း၊ ထိုသို့ ချေးငွေရယူရာတွင် ပေးဆပ်ရမည့် အတိုးနှုန်းကို အစိုးရက လစဉ်စိုက်ထုတ်ပေးဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှိဘာအနေဖြင့် ဂျပန်နိုင်ငံအား သဘာဝဘေးဒဏ် ခံနိုင်ရည် ရှိသည့် နိုင်ငံအဖြစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများ အတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုတိုကျွန်းဆွယ်၌ နိုဝင်ဘာလ ၂၆ ရက်နေ့ညတွင် ထပ်မံ၍ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

ချေးငွေများကို ချေးယူသူ အသက်ရှိစဉ်ကာလတစ်လျှောက်လုံး ပြန်လည်ပေးဆပ်ရန် မလိုအပ်ဘဲ၊ ချေးယူသူ ကွယ်လွန်သည့်အချိန်မှသာ အဆိုပါ အိမ်ကို ရောင်းချခြင်းဖြင့် ချေးငွေကို ပြန်လည်ပေးဆပ်နိုင်မည် ဖြစ်ကြောင်း၊ ဂျပန်အစိုးရမှ ထိုသို့ အတိုးမဲ့ချေးငွေများ ထောက်ပံ့ပေး နိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေကို ၂၀၂၄ ဘဏ္ဍာနှစ်၊ ဖြည့်စွက်ရန်ပုံငွေမှ သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုများအနေဖြင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ၎င်းတို့၏ နေအိမ်များကို ငလျင်ဒဏ်ခံနိုင်ရည် ရှိသည့် နေအိမ်များအဖြစ် တည်ဆောက်လိုခြင်း မရှိကြကြောင်း ဖော်ပြထားပါသည်။

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The Kyodo News

Category: International News