ဂျပန်အစိုးရအနေဖြင့် နျူကလီးယားဓာတ်အားပေးစက်ရုံ ၂၀ မှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားနှင့်ညီမျှသည့် လျှပ်စစ်ဓာတ်အားကို ၂၀၄၀ ပြည့်နှစ်တွင် ပါးလွှာပြီး၊ ကွေးနိုင်သော Perovskite ဆိုလာပြားများမှ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၁-၁၂-၂၀၂၄ ရက်နေ့ထုတ် The Kyodo News သတင်းစာတွင် “Japan eyes next-gen solar power equivalent to 20 nuclear reactors” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန် ထုတ်လွှတ်မှုကင်းစင်စေရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုကို မြှင့်တင်နိုင်ရေး နည်းပညာမြင့် ဆိုလာပြားများကို သုံးစွဲသွားရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်ဆင်ထုတ်ပြန် မည့် စွမ်းအင်စီမံချက်တွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသည် ချီလီပြီးပါက ကမ္ဘာတွင် ဒုတိယအများဆုံး အိုင်အိုဒင်းထွက်ရှိသည့် နိုင်ငံ ဖြစ်ကြောင်း၊ အိုင်အိုဒင်းသည် Perovskite ဆိုလာပြားများ ထုတ်လုပ်ရန်အတွက် အဓိက အရေး ပါသည့် ကုန်ကြမ်းဖြစ်သည့်အတွက် ဂျပန်နိုင်ငံတွင်း၌ Perovskite ဆိုလာပြားများ စဉ်ဆက် မပြတ် ထုတ်လုပ်ရရှိနိုင်ရေးအတွက် ခိုင်မာသော ထုတ်လုပ်မှုကွင်းဆက်လည်း တည်ဆောက်နိုင် မည် ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားရေး လုံခြုံမှုမြှင့်တင်နိုင်ရေးအတွက်လည်း အထောက်အပံ့ဖြစ်စေ မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၁၁ ခုနှစ်တွင် ဆူနာမီနှင့် ငလျင်ဖြစ်ပွားပြီးနောက် နျူကလီးယားဓာတ်အားပေးစက်ရုံရှိ ဓာတ်ပေါင်းဖိုများ အရည်ပျော်ခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင် ဆိုလာအသုံးပြုမှု များပြားလာခဲ့ ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဂျပန်နိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ဆိုလာစွမ်းအင်ပါဝင်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်း နီးပါးရှိကြောင်း ဖော်ပြထားပါသည်။
သမားရိုးကျသုံးစွဲလျက် ရှိသည့် ဆီလီကွန်အခြေပြု ဆိုလာပြားများထားရှိရန် ဂျပန် နိုင်ငံတွင် မြေနေရာအနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ Perovskite ဆိုလာပြားများမှာ ပါးလွှာပြီး၊ ကွေးနိုင်ဆန့်နိုင်သည့်အတွက် အဆောက်အဦနံရံများ၊ ပြတင်းပေါက်များ၊ ကားအမိုး များနှင့် အခြားသော နေရာများတွင် ထားရှိနိုင်မည် ဖြစ်ကြောင်း၊ Sekisui Chemical Co. ကဲ့သို့ သော ကုမ္ပဏီများအနေဖြင့် Perovskite ဆိုလာပြားများကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း၊ ကုန်ကျစရိတ် လျှော့ချနိုင်ရန်နှင့် ဆိုလာပြားများ ရေရှည်ခံစေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှိသည့်အတွက် Perovskite ဆိုလာပြားများကို ၂၀၃၀ ပြည့်နှစ် အထိ မိတ်ဆက်နိုင်မည် မဟုတ်သေးကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၏ ဆိုလာပြားထုတ်လုပ်မှုမှာ ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့သော်လည်း တရုတ်အစိုးရမှ တရုတ် ပြည်တွင်းကုမ္ပဏီများကို အစိုးရ၏ အထောက်အပံ့များ အလွန်အကျွံပံ့ပိုးပေးခဲ့မှုကြောင့် ဂျပန်နိုင်ငံ၏ ဆိုလာပြားထုတ်လုပ်မှုမှာ ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း၏ ၁ ရာခိုင်နှုန်းအောက်သို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံတွင်း၌ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုကို Perovskite ဆိုလာနည်းပညာအသုံးပြုမှုကို မြှင့်တင်ခြင်းဖြင့် ဆောင်ရွက်ပြီးပါက Perovskite ဆိုလာပြား များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Kyodo News