International News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွက် ဟောင်ကောင်ဒေသ၏ ပြင်ပကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်/သွင်းကုန်တန်ဖိုးများ အသီးသီး မြင့်တက်ခဲ့ရာ စုစုပေါင်း ပို့ကုန်တန်ဖိုး ၂.၁ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၉၄.၇ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ သွင်းကုန်တန်ဖိုး ၅.၇ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၄၃၈.၁ ဘီလီယံ တိုးမြင့်ရောက်ရှိခဲ့ကာ ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၄၃.၄ ဘီလီယံရှိခဲ့ ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်သည့် ဟောင်ကောင် ဒေသအစိုးရ၊ သန်းခေါင် စာရင်းနှင့် စာရင်းအင်းဌာန၏ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း စုစုပေါင်း ပို့ကုန်တန်ဖိုးသည် ၂၀၂၃ ခုနှစ် အလားတူကာလထက် ၉.၁ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၆.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၃၄၅.၁ ဘီလီယံရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

နိုင်ငံ/ဒေသအလိုက် ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း  ဟောင်ကောင်ဒေသမှ အာရှဒေသသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားကာလနှင့်နှိုင်းယှဉ်ပါက ၃.၉ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး၊ အဓိကပို့ကုန် ဈေးကွက်များ ဖြစ်သည့် စင်ကာပူ (၇၈.၄ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၄၂.၁ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (၃၆.၉ ရာခိုင်နှုန်း)နှင့် တရုတ်ပြည်မ (၃.၉ ရာခိုင်နှုန်း) တို့သို့ ပို့ကုန် တင်ပို့မှု တန်ဖိုးမြင့်တက်ခဲ့ပြီး၊ ပို့ကုန်တန်ဖိုးကျဆင်းသည့် နိုင်ငံ/ဒေသများမှာ အိန္ဒိယ (-၂၈.၈ ရာခိုင်နှုန်း) နှင့် ထိုင်းနိုင်ငံ (- ၇.၇ ရာခိုင်နှုန်း) တို့ဖြစ်ပါသည်။

အာရှဒေသပြင်ပ အဓိကပို့ကုန်တင်ပို့ရာဒေသများသို့ တင်ပို့မှုကျဆင်းခဲ့ပြီး အထူးသဖြင့် နယ်သာလန် (-၃၀.၂ ရာခိုင်နှုန်း)နှင့် အမေရိကန် (-၁၉.၇  ရာခိုင်နှုန်း) တို့သို့ စုစုပေါင်း တင်ပို့မှု တန်ဖိုး ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း သွင်းကုန်တင်သွင်းမှုအနေဖြင့် ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက အဓိက သွင်းကုန် တင်သွင်းရာ နိုင်ငံ/ဒေသများမှ သွင်းကုန်တန်ဖိုး မြင့်တက်ခဲ့ ပါသည်။ အထူးသဖြင့် ထိုင်ဝမ် (၃၈.၆ ရာခိုင်နှုန်း) ၊ စင်ကာပူ (၃၁.၄ ရာခိုင်နှုန်း)၊ ကိုရီးယား (၁၆.၄ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (၈.၈ ရာခိုင်နှုန်း) နှင့် မလေးရှား(၈.၃ ရာခိုင်နှုန်း) တို့မှသွင်းကုန်တင်သွင်းမှု တန်ဖိုး မြင့်တက်ခဲ့ပါသည်။ တရုတ်ပြည်မမှ ဟောင်ကောင်ဒေသသတို့ သွင်းကုန်တင်သွင်းမှု တန်ဖိုးမပြောင်းလဲသော်လည်း  ဗီယက်နမ် (- ၁၉.၆ ရာခိုင်နှုန်း) မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ကျဆင်းခဲ့ပါသည်။

ကုန်စည်အလိုက် ပို့ကုန်/သွင်းကုန် အတက်အကျအနေဖြင့် ၂၀၂၃ ခုနှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အဓိကကုန်စည်အုပ်စု အချို့၏ ပို့ကုန် တန်ဖိုးမြင့်တက်ခဲ့ရာ အထူးသဖြင့် "office machines and automatic data processing machines"  ပို့ကုန်တန်ဖိုး (၂၈.၁ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၀.၆ ဘီလီယံ နှင့် နှင့် "electrical machinery, apparatus and appliances, and electrical parts thereof" ပို့ကုန်တန်ဖိုး (၅.၂ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၉.၉ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုအချို့၏ သွင်းကုန် တန်ဖိုး မြင့်တက်ပါသည်။ အထူးသဖြင့် "electrical machinery, apparatus and appliances, and electrical parts thereof" တန်ဖိုး (၁၃.၉ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၂၄.၆ ဘီလီယံ နှင့်  "office machines and automatic data processing machines" သွင်းကုန် တန်ဖိုး (၆၇.၈ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၁၄.၁ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

ယခင်နှစ်စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဟောင်ကောင် ဒေသ၏ ပို့ကုန်တင်ပို့မှုတန်ဖိုး ဆက်လက်မြင့်တက်နေကြောင်း၊ တရုတ်ပြည်မသို့ ကုန်စည်တင်ပို့မှု ပိုမို မြင့်တက်ခဲ့သော်လည်း အမေရိကန်နှင့်  ဥရောပသမဂ္ဂ တို့သို့ တင်ပို့မှုများ  ကျဆင်းခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မ၏ စီးပွားရေးတိုးမြှင့်မှုအတွက် ဆောင်ရွက်ချက်များသည် ဟောင်ကောင် ဒေသအပေါ် အထောက်အကူပြုနိုင်သော်လည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် အကျိုး သက်ရောက်နိုင်ကြောင်းနှင့် ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် အခြေအနေကို အသေအချာ စောင့်ကြည့်နေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့။

Category: International News