ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ “အနာဂတ်စက်မှုများ” ဖြစ်သည့် အဓိက ကဏ္ဍ ၅ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ထိုင်းနိုင်ငံအစိုးရအနေဖြင့် ရည်မှန်းထားလျက်ရှိပြီး ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများပြင်ဆင်ခြင်းဖြင့် လုပ်ငန်းလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးကို မြှင့်တင်သွားမည် ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Jirayu Houngsub က ပြောကြားခဲ့ပါ သည်။
ယင်းသည် နိုင်ငံ၏ စီးပွားရေးကို ၃ ရာခိုင်နှုန်း တိုးမြှင့်လိုသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ စက်မှုနယ်ပယ် ၅ ခုမှာ အချက်အလက်စင်တာ၊ ဉာဏ်ရည်တု၊ လျှပ်စစ်မော်တော်ကား၊ စိုက်ပျိုးရေးနှင့် အစားအစာနည်းပညာတို့ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အဆိုပါ စက်မှုနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှု ဘတ် ၈၀၀ ဘီလီယံ စီးဝင်လာရန် ခန့်မှန်းထားပါကြောင်း၊ အခြားသော ဆက်စပ်သည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍမှာ ထောက်ပံ့မှုကွင်းဆက်ဖြစ်ကြောင်း၊ အချက်အလက်စင်တာတွင် ကြီးမားသော AWS၊ Google၊ Microsoft နှင့် Huawei တို့သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စတင်နေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် လွယ်ကူချောမွေ့စေရန်မှာ ခေတ်နောက်ကျနေပြီဖြစ်သည့် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင် ရန် သို့မဟုတ် ပယ်ဖျက်ရန်ဖြစ်ကြောင်း၊ အရေးကြီးသော ပြဿနာနှင့် စီးပွားရေးတိုးတက်ရန် အကူအညီပေးသည့် နည်းလမ်းမှာ လုပ်ငန်းလုပ်ကိုင်မှု လွယ်ကူမှုဖြစ်သည်ကို ဝန်ကြီးချုပ်အနေဖြင့် ရှုမြင်ထားပါကြောင်း Mr. Jirayu က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။