အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့်၏ ၂.၀ စီးပွားရေးမူဝါဒသည် ၂၀၂၅ ခုနှစ်အတွင်း ထိုင်း နိုင်ငံ၏ စီးပွားရေးအတွက် ပင်မဆုံးရှုံးနိုင်ချေတွင် ပါဝင်လာနိုင်ကြောင်း လွတ်လပ်သော ပညာရေးအဖွဲ့အစည်းတစ်ခုက သုံးသပ်ထားပါသည်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေနိုင်သော စိန်ခေါ်မှု ၅ ခုမှာ အိမ်ထောင်မှုကြွေးမြီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အတိုးနှုန်းအပေါ် မူဝါဒများ၊ ထရမ့်စီးပွားရေးမူဝါဒ ၂.၀၊ တရုတ် စီးပွားရေးကျဆင်းလာမှုနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ ဖြစ်ပါကြောင်း၊ ထရမ့်စီးပွားရေးမူဝါဒ ၂.၀ သည် ထိုင်းနိုင်ငံ၏ GDP ကို ၀.၃ ရာခိုင်နှုန်းမှ ၀.၅ ရာခိုင်နှုန်းအကြား ကျဆင်းစေမည်ဟု မျှော်မှန်းထား ပါကြောင်း၊ ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂.၂ ရာခိုင်နှုန်းနှင့် ၂.၇ ရာခိုင်နှုန်းကြား တိုးတက် ရန် ခန့်မှန်းထားပြီး စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်းအောက် လျော့နည်းသည်မှာ ၇ နှစ် ဆက်တိုက် ဖြစ်ပါကြောင်း၊ ထရမ့်စီးပွားရေးမူဝါဒ ၂.၀ အောက်မှ ကောက်ခံမည့် အမေရိကန်အခွန်သည် အမေရိ ကန်သို့ ထိုင်းပို့ကုန်ကို ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား လျော့နည်းစေမည်ဖြစ်ပြီး အားလုံးခြုံငုံ ကြည့်ပါက ၂ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း Intelligence Research Consultant Co Ltd ၏ အကြံ ပေးဖြစ်သူ ကျွမ်းကျင်ပညာရှင် Mr. Aat Pisanwanich က သုံးသပ်ပြောကြားခဲ့ပါသည်။
အမေရိကန်နှင့် ထိုင်းကုန်သွယ်မှုလိုငွေသည် ဘတ် ၂၇.၅ ဘီလီယံသို့ ကျဆင်းနိုင်ပြီး အမေရိ ကန်မှ သွင်းကုန်သည် ၂ ဆဖြစ်လာနိုင်ကြောင်း၊ အမေရိကန်အခွန်ကြောင့် အများဆုံးသက်ရောက်နိုင်သည့် ကဏ္ဍများမှာ အီလက်ထရောနစ်၊ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းများ၊ ရာဘာနှင့် ရာဘာ ထုတ်ကုန်များ၊ အဝတ်အထည်များ၊ ပလတ်စတစ်များ၊ သစ်သီးများ၊ ပင်လယ်စာများ၊ ဆန်နှင့် အဖျော် ယမကာတို့ဖြစ်ကြောင်း၊ တရုတ်၏ လက်ရှိ စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းသည် ကုန်စည်ဝယ် လိုအားကို သက်ရောက်စေပြီး တရုတ်ခရီးသွားအရေအတွက်ကို ကျဆင်းစေပါကြောင်း၊ စီးပွားရေး တိုးတက်မှု ၅ ရာခိုင်နှုန်းသို့ရောက်ရှိနိုင်ရန် ထုတ်လုပ်မှုအဆင့်ကို ထိန်းထားခြင်းသည် ထိုင်းနိုင်ငံ အပါအဝင် တရုတ်ကုန်သွယ်ဖက်နိုင်ငံများသို့ တရုတ်ပစ္စည်းများ ဝင်ရောက်မှုကို ဖြစ်စေကြောင်း Mr. Aat က ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း တရုတ်စီးပွားရေးတိုးတက်မှုသည် ၅ ရာခိုင်နှုန်းအောက်လျော့နည်းပါက တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံပို့ကုန်အပေါ်တွင်လည်း သက်ရောက်လာနိုင်ပြီး ထိုင်းနိုင်ငံသို့ တရုတ်ခရီး သွား အရေအတွက်ကိုလည်း ၇ သန်းထက်မပိုစေပါကြောင်း၊ မူဝါဒသည် ထိုင်းနိုင်ငံအတွင်း သို့ တရုတ် ထုတ်ကုန်များဖြစ်သော သံမဏိ၊ အီလက်ထရောနစ်၊ ယန္တရား၊ လူသုံးကုန်ပစ္စည်းများနှင့် လျှပ်စစ်အသုံး အဆောင်များစသည်တို့ ဝင်ရောက်လာစေမည်ဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ ၆ နှစ်ဆက်တိုက် မြင့်မား မှုကို ဖြစ်စေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် GDP တိုးတက်မှု ၂.၄ ရာခိုင်နှုန်းဖြင့် အာဆီယံ၏ “sick man” ဖြစ်လာနိုင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အဆင့် ၉ သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် တိုးတက်မှု ၆.၂ ရာခိုင်နှုန်းဖြင့် ဒေသတွင်းတွင် ဦး ဆောင်သူများဖြစ်လာနိုင်ကြောင်း Mr. Aat က သုံးသပ်ထားပါသည်။
နိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၁.၅ ရာခိုင်နှုန်းမှ ၂.၂ ရာခိုင်နှုန်း ဖြစ်လာနိုင်ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၆ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၂၉၈ ဘီလီယံကြား ရှိနိုင်ကြောင်း၊ ဘက် ပေါင်းစုံမှ ဖိအားများကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းမှုကို မြင့် တက်လာစေမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံစီးပွားရေးအခြေအနေအရ တန်ဖိုးမြှင့်ခွန် ကောက်ခံခြင်း သည် အချိန်အခါမဟုတ်သေးပါကြောင်း၊ နိုင်ငံအတွင်း စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေးမည့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များ မရှိသေးဘဲ လူကြိုက်များစေမည့် အစီအမံများအတွက် ဘတ်ဂျက်လျာထား ခြင်းသည် နိုင်ငံစီးပွားရေးကို ထိထိရောက်ရောက်မြှင့်တင်ရာတွင် အခက်အခဲဖြစ်စေကြောင်း၊ စီးပွား ရေးကျဆင်းလာမှု၊ ကုမ္ပဏီများပိတ်သိမ်းလာမှုနှင့် ထိုင်းလုပ်ငန်းများ အရွယ်အစားလျှော့ချမှုများ ကြောင့် အလုပ်လက်မဲ့မြင့်တက်လာနိုင်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်နှင့်ခရီးသွားလုပ်ငန်း စသည့် ပြင်ပအချက်များကို မှီတည်မှု ကြီးမားပါက တစ်ခုခုတွင် အနုတ်လက္ခဏာဖြစ်လာခဲ့ပါလျှင် ဆုံးရှုံးနိုင်ချေဖြစ်နိုင်ကြောင်း ဖြည့်စွက် သုံးသပ်ထားပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။