International News

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းများကြောင့် စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သဖြင့် ဈေးကွက်တွင်း ခရမ်းချဉ်သီးရောင်းချနိုင်မှုများ ကျဆင်းခဲ့သဖြင့်  ပြီးခဲ့သည့် သတင်းပတ်က ဈေးနှုန်း ၄၀၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန ဈေးနှုန်း စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မြို့တော်မနီလာတွင် ၄-၁-၂၀၂၅ ရက်နေ့ ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၂၀၀ မှ ၃၅၀ (ကျပ် ၁၅,၀၀၀ မှ ၂၆,၀၀၀) ကြားထိ မြင့်တက်ခဲ့ပါ ကြောင်း၊ ၂၀၂၃ ခုနှစ်၊ အလားတူ ကာလက တစ်ကီလိုလျှင် ပီဆို-၄၀ မှ ၁၀၀ (ကျပ် ၃,၀၀၀ မှ ၇,၅၀၀) ကြားသာ ရှိခဲ့သည်ဟု ဖော်ပြထားပါသည်။

ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီလ ခြောက်သွေ့ရာသီ ခရမ်းချဉ်သီးထွက်ရှိမည့်အချိန် တွင် ဈေးနှုန်းပြန်လည်ကျဆင်းနိုင်ရန် မျှော်လင့်ပါကြောင်း၊ ၂၀၂၄ ခုနှစ် စတင်သည့်အချိန်က ခရမ်း ချဉ်သီး တစ်ကီလိုလျှင် ပီဆို- ၅၀ မှ ၁၀၀ ကြားသာရှိခဲ့သော်လည်း တိုင်ဖွန်းများ ဆက်တိုက်ဖြစ်ပွားခဲ့ ခြင်းကြောင့် စိုက်ပျိုးမြေများပျက်စီးသဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ထုတ်လုပ်မှု ကျဆင်း ခဲ့ပါကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်မှ ၆-၁-၂၀၂၅ ရက်နေ့ မီဒီယာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

မုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် Cagayan Valley, Calabarzon, Bicol ဒေသများသည် ခရမ်းချဉ်သီး၊ ငြုတ်ပွသီး (Bell Pepper), ငြုတ်သီးတို့ စိုက်ပျိုးသည့်ဒေသများဖြစ် သောကြောင့် ၂၀၂၄ ခုနှစ်၊ စတုတ္ထ (၃) လပတ်ကာလအတွင်း ခရမ်းချဉ်သီး အထွက်နှုန်း ၄၅% အထိ လျော့ကျခဲ့ပါသည်။ လာမည့် ခြောက်သွေ့ရာသီတွင် ဈေးနှုန်းပြန်လည်ကျဆင်းနိုင်မည်ဟု ခန့်မှန်း ထားရှိပါကြောင်း ဖော်ပြပါရှိပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၂-၁၁-၂၀၂၅ ရက်နေ့ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက် များအရ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ ပျက်စီးဆုံးရှုံးမှုပမာဏ ပီဆို ၇၈၅.၆၈ သန်းထိ ရှိခဲ့ပါကြောင်း၊ ဆန်နှင့် တန်ဖိုးမြင့်ကောက်ပဲသီးနှံများမှာ ပျက်စီးဆုံးရှုံးမှုအများ ဆုံး ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍပျက်စီးဆုံးရှုံးမှုမှာ ပီဆို- ၉.၈၁ ဘီလီယံထိရှိခဲ့ပါကြောင်း သိရှိရပါ သည်။

 ဆက်တိုက်ဖြစ်ပွားခဲ့သော မုန်တိုင်းများနှင့် African Swine Fever ကဲ့သို့သော တိရစ္ဆာန်များသို့ ကျရောက်သည့် ရောဂါပိုးများကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ၂၀၂၄ ခုနှစ်သည် ဆိုးဝါးသည့် နှစ်တစ်နှစ် “Depressing Year” ဖြစ်ခဲ့ပါကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ ပါသည်။

( စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News