International News

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ပရိဘောဂကုန်စည်ပြပွဲကို ဟိုချီမင်းမြို့တွင် ဖွင့်လှစ်

Last Updated:

ဗီယက်နမ်နိုင်ငံ နိုင်ငံတကာ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများပြပွဲ ၂၀၂၅ (VIFA EXPO 2025) ကို ဟိုချီမင်းမြို့ ဆိုင်ဂုံကွန်ဗန်းရှင်းစင်တာတွင် မတ်လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး နိုင်ငံအတွင်း အကြီးဆုံးပရိဘောဂ အရောင်းပြပွဲကြီးဖြစ်ကြောင်း Vietnam Plus အွန်လိုင်း သတင်းတွင် ဖော်ပြထားပါသည်။

သုံးရက်ကြာကျင်းပမည့် အဆိုပါ ပြပွဲတွင် အိမ်တွင်းနှင့် အပြင်ဘက် ပရိဘောဂများ၊ လက်မှုပညာများ၊ အိမ်အလှဆင်ပစ္စည်းများ၊ စက်ယန္တရားများနှင့် ဝန်ဆောင်မှုများအပါအဝင် ထုတ်ကုန်များစွာကို ပြသထားပါသည်။ စတုရန်းမီတာ ၄၀,၀၀၀ ကျော် ကျယ်ဝန်းသည့် VIFA EXPO 2025 သည် စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ ဆန်းသစ်တီထွင်မှုများကို ပြသရန်နှင့် နိုင်ငံတကာမှ ဝယ်ယူသူများနှင့် ချိတ်ဆက်နိုင်ရန်အတွက် တက်ကြွသော စီးပွားရေးပတ်ဝန်းကျင် ကို ပံ့ပိုးပေးလျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုအကြိမ်ပြပွဲတွင် ပြခန်းပေါင်း ၆၅၀ ကျော်ပါဝင်ပြီး ၅၂ ရာခိုင်နှုန်းသည် နိုင်ငံနှင့် နယ်မြေ ၁၉ ခုမှ ဖြစ်ပြီး ၄၈ ရာခိုင်နှုန်းသည် ဗီယက်နမ်နိုင်ငံ၏ ပြည်နယ်နှင့်မြို့ကြီး ၁၇ ခုရှိ ထိပ်တန်း ပရိဘောဂစင်တာများကို ကိုယ်စားပြုကြောင်း ဖော်ပြထားပါသည်။ နိုင်ငံတကာ ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် ကုန်စည်ပြပွဲအတွင်း နယ်စပ်ဖြတ်ကျော် E-commerce ပလက်ဖောင်းများ ဖြစ်သည့် Amazon နှင့် Wayfair တို့နှင့်ပူးပေါင်းကာ ဗီယက်နမ်လုပ်ငန်းများကို B2C လမ်းကြောင်းများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသူများထံ လွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်ရန် ကူညီပံ့ပိုးပေးပါသည်။

VIFA EXPO 2025 သည် ထုတ်ကုန်များခင်းကျင်းပြသခြင်းအပြင် စီးပွားရေးလုပ်ငန်းများကို ဈေးကွက်အသစ်ရှာဖွေရန်နှင့် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေရန်အတွက် အဓိက ကွန်ရက်ချိတ်ဆက်မှုနှင့် အသိပညာမျှဝေသည့် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေး ကြောင်း၊ ဝယ်ယူသူများအနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာခေတ်ရေစီးကြောင်းများနှင့် ကိုက်ညီ သော အရည်အသွေးမြင့် ထူးခြားသော ဒီဇိုင်းများကို ရှာဖွေတွေ့ရှိနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

ယခုနှစ်ပွဲသည် ပါဝင်သူများအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် တည်းခိုနေထိုင်မှုမှသည် စီးပွားရေးလုပ်ငန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ပံ့ပိုးကူညီမှုပေးသည့် အကြီးဆုံးပွဲဖြစ်ပါသည်။ ထို့အပြင် စက်မှုလုပ်ငန်းကို အဓိကထားသည့် ဆွေးနွေးပွဲများအပြိုင် ကျင်းပမည်ဖြစ်ကာ နိုင်ငံ တကာမှ ဝယ်ယူသူများအနေဖြင့်လည်း ဗီယက်နမ်နိုင်ငံ၏ တိုးတက်နေသော ပရိဘောဂ ထုတ်လုပ်မှုလုပ်ငန်းကို တိုက်ရိုက်ထိုးထွင်းသိနိုင်မည့် အခမဲ့ စက်ရုံခရီးစဉ်များတွင်လည်း ပါဝင် ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (VCCI) ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Vo Tan Thanh က ဗီယက်နမ်နိုင်ငံ၏ ပရိဘောဂကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ခိုင်မာသော တည်ရှိမှုကို ထူထောင်ထားနိုင်သော်လည်း လက်ရှိတွင် ကုန်သွယ်မှု မူဝါဒများ ပြောင်းလဲခြင်း၊ ဒေသတွင်း ပဋိပက္ခများနှင့် ပြိုင်ဆိုင်မှုပြင်းထန်ခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အလေးနက်ထားပြောကြားခဲ့ပါသည်။ နိုင်ငံအတွင်း သက်တမ်းအရှည် ကြာဆုံး ပရိဘောဂ အရောင်းပြပွဲကြီးအဖြစ် VIFA EXPO သည် စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော တွန်းအားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ဈေးကွက်များ ကွဲပြားစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်များနှင့် ချိတ်ဆက်နိုင်ရန် အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: International News