ဉာဏ်ရည်တုနည်းပညာအခြေခံအဆောက်အအုံကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ဦးဆောင်မှု တိုးမြှင့်ရေးနှင့်ပတ်သက်သည့်သမ္မတအမိန့်တစ်ရပ်ကို ၁၄-၁-၂၀၂၅ ရက်တွင် အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။ ယနေ့ခေတ်နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဉာဏ်ရည်တု (Artificial Intelligence)နည်းပညာဖြင့် သတ်မှတ်ကြရာ AI ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ထောက်ပံ့ ပို့ဆောင်ရေး၊ စစ်ရေးစွမ်းဆောင်မှု၊ ထောက်လှမ်းရေးနှင့် ဆိုက်ဘာလုံခြုံရေးအပါအဝင် အမျိုးသား လုံခြုံရေးနှင့်ပါ ချိတ်ဆက်လျက်ရှိသဖြင့် အမေရိကန်နိုင်ငံ၏ AI အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်းသည် အမေရိကန်နိုင်ငံ၏ရန်ဘက်များအနေဖြင့် နိုင်ငံ၏ စစ်တပ်နှင့် အမျိုးသားလုံခြုံရေးကို အန္တရာယ်ရှိစေမည့်စနစ်များသို့ ဝင်ရောက်ခြင်းနှင့် အသုံးပြုခြင်း တို့မှ ကာကွယ်ရန်ကူညီနိုင်မည်ဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံအနေဖြင့် စွမ်းအားမြင့် AI tools များကို ဖန်တီးအသုံးပြုနိုင်သည့် အခြားနိုင်ငံများ၏အခြေခံအဆောက်အအုံများတွင် မှီခိုရမှုကိုတားဆီးနိုင် မည်ဖြစ်ရာ အမျိုးသားလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများတွင် AI ကို တပ်ဆင်အသုံးပြုနိုင်ရန် ရည်ရွယ် လျက် ဤသမ္မတအမိန့်ကို အစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် AI ကဏ္ဍတွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်၊ စီးပွားရေးအရယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန်နှင့် အမျိုးသား လုံခြုံရေးကိုကာကွယ်ရန် ဤသမ္မတအမိန့်ထုတ်ပြန်လျက် အစီအစဉ်ချမှတ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
သမ္မတဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတကမ်မလာဟဲရစ်တို့က အဆိုပါသမ္မတအမိန့်နှင့်ပတ်သက် သည့် ထုတ်ပြန်ချက်များကိုလည်း အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် AI ကဏ္ဍ၌ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်နှင့် AI ကဏ္ဍတိုးတက်ရန်အတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများဖြစ်သော Data centers နှင့် သန့်စင်သောစွမ်းအင်သုံး အခြေခံအဆောက်အအုံ များ တည်ဆောက်ရန် အဆိုပါသမ္မတအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနပိုင် ဖက်ဒရယ်မြေများကို Gigawatt-scale AI Data centers များ တည်ဆောက်ရေးအတွက် ငှားရမ်းရန်၊ AI အခြေခံအဆောက်အအုံများကို ပံ့ပိုးမည့် သန့်စင်သော စွမ်းအင်ထုတ်လုပ်မှုကို အဆင့်မြှင့်တင်ရန်၊ AI အခြေခံအဆောက်အအုံများကို လျှပ်စစ်ဓာတ်အားလိုင်း နှင့်ချိတ်ဆက်ရန်၊ လျှပ်စစ်ဓာတ်အားခ လျှော့ချရန်နှင့် AI အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိတ်ဖက်နှင့် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်လည်း သမ္မတ ဂျိုးဘိုင်ဒင်က ညွှန်ကြားခဲ့ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။