International News

အမေရိကန်နိုင်ငံအပေါ် သွင်းကုန်ခွန်များကောက်ခံလျက်ရှိသည့်နိုင်ငံများမှ ကုန်စည်များအား တန်ပြန်အပြန်အလှန်သွင်းကုန်ခွန် ကောက်ခံမည်ဟု အမေရိကန်သမ္မတက ကြေညာပြီးနောက်ပိုင်း ဈေးနှုန်းများ မြင့်တက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံအပေါ် သွင်းကုန်ခွန်များကောက်ခံလျက်ရှိသည့်နိုင်ငံများမှ ကုန်စည် များအား တန်ပြန်အဖြစ် အပြန်အလှန်သွင်းကုန်ခွန် ကောက်ခံမည်ဟု အမေရိကန်သမ္မတက ကြေညာပြီး နောက်ပိုင်း ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပါ သည်။

သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်သည့် ရီပတ်ဘလစ်ကင်အစိုးရသည် အမေရိကန်နှင့် နိုင်ငံခြား ကုန်ထုတ်လုပ်သူများအတွက် တန်းတူညီမျှဖြစ်စေရန်ရည်ရွယ်လျက် သွင်းကုန်ခွန် အသစ်တစ်ရပ်ကို ချမှတ်ခဲ့သော်လည်း လက်ရှိအမေရိကန်နိုင်ငံ၏ဥပဒေများအရ သွင်းကုန်ခွန် ကို အမေရိကန်စားသုံးသူ များနှင့် စီးပွားရေးလုပ်ငန်းများက တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ကျခံရနိုင်ကြောင်း၊ အမေရိကန်သမ္မတ၏ တန်ပြန်အဖြစ် အပြန်အလှန်ကောက်ခံမည့် သွင်းကုန်ခွန်နှင့်ပတ်သက်သည့် ကြေညာချက် မထုတ်ပြန်မီ အချိန်မှစ၍ အိမ်သုံးကုန်ပစ္စည်း အများအပြား၏ ဈေးနှုန်းမြင့်တက်နေခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတက ၎င်းထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းသည် အမေရိကန် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံခြားဈေးကွက်များတွင် ကြုံတွေ့ရသည့် မျှတမှုမရှိသောအလေ့အထများနှင့် အကန့်အသတ်ဖြင့်သာ ဈေးကွက် ထိုးဖောက်နိုင်ခြင်းတို့နှင့် ပတ်သက်၍ အလေးထားဆောင်ရွက်လိုခြင်းဖြစ်ပြီး ယင်းကို တုံ့ပြန် သည့် အနေဖြင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေကိုလျှော့ချရန်နှင့် ကုန်သွယ်ဖက် နိုင်ငံများနှင့် ကုန်သွယ်ရာတွင် မျှတမှုမရှိသော ဘက်မျှမှုမရှိသော ကုန်သွယ်မှုများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ချက်ကြောင့် ကာလတိုတွင် အနှောင့်အယှက် များရှိနိုင်သော်လည်း ရေရှည်တွင် အမေရိကန်နိုင်ငံကို ကြီးပွားတိုးတက်စေနိုင်သည်ဟု သမ္မတက ပြောကြားခဲ့ကြောင်း၊ အလုပ်အကိုင်များတိုးတက်လာနိုင်ပြီး ဈေးနှုန်းများ ကာလတို တွင် မြင့်တက်နိုင်သော်လည်း ပြန်လည်ကျဆင်းလာမည်ဖြစ်ကြောင်းနှင့် ငွေကြေးဖောင်းပွမှု နှင့် သွင်းကုန်ခွန်သည် အတူယှဉ်တွဲလျက် ကျဆင်းသွားမည်ဟု သမ္မတက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏စီးပွားရေးသည် ပွင့်လင်းပြီး ပျမ်းမျှသွင်းကုန်ခွန် ကောက်ခံမှုနှုန်း သည် ကမ္ဘာ့အဆင့်အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံနှင့်အလားတူ ပွင်းလင်းသည့် စီးပွားရေးစနစ်နှင့် နိုင်ငံရေးစနစ်တို့ကို ကျင့်သုံးသည့်နိုင်ငံများနှင့်ယှဉ်ပါက အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများ ချမှတ်ထားခြင်းသည် အနည်းငယ် သာရှိကြောင်း၊ မိတ်ဖက်နှင့် ရန်ဖက်နိုင်ငံများမှ မျှတမှုမရှိစွာဆက်ဆံခြင်းကို အမေရိကန် နိုင်ငံသည် နှစ်ပေါင်းများစွာကြာ ခံစားခဲ့ ရကြောင်း၊ တန်ပြန်အဖြစ် အပြန်အလှန်သွင်းကုန်ခွန် ကောက်ခံခြင်းမပြုခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် နှစ်စဉ်မြင့်တက် ခဲ့ကြောင်း၊ ပွင့်လင်းသည့်စီးပွားရေးစနစ်ကြောင့် အမေရိကန်နိုင်ငံသို့ သွင်းကုန်အများအပြား ဝင်ရောက်ခဲ့သော်လည်း နိုင်ငံခြားဈေးကွက်များ၏ တံခါးပိတ်စနစ်ကြောင့် အမေရိကန် ပို့ကုန်များကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရသည် ကုန်သွယ်ဖက်နိုင်ငံများနှင့် အပြန်အလှန်သွင်းကုန်ခွန်ကောက်ခံနိုင်မည့် အစီအမံများကို တန်ပြန်လုပ် ဆောင်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။   

အမေရိကန်သမ္မတသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေပြမှုကြောင့် အဓိက ကုန်သွယ် ဖက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့အပေါ် ရွှေ့ပြောင်း ဝင်ရောက်မှုနှင့် မူးယစ်ဆေးဝါးတရားမဝင် ဝင်ရောက်မှုကို အကြောင်းပြလျက် သွင်းကုန်ခွန် စည်းကြပ်မှုများကို ၁-၂-၂၀၂၅ ရက်တွင် ချမှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ တင်သွင်း လျက်ရှိသည့် သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအားလုံးကိုပါ သွင်းကုန်ခွန် ကောက်ခံရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်သမ္မတ သည် သွင်းကုန်ခွန်ကို ၎င်း၏ နိုင်ငံရေး၊ စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလျက်ရှိပြီး သွင်းကုန်များဝင်ရောက်ခြင်းကြောင့် အမေရိကန်အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ ကိုထိခိုက်စေသည်ဟုယူဆကာ အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေပြလျက်ရှိသော ကုန်သွယ်ဖက်နိုင်ငံများအပေါ် ကုန်သွယ်မှုသဘောတူစာချုပ်များ သုံးသပ်ခြင်းနှင့် ပြင်ဆင် ချုပ်ဆိုခြင်းများ ဆောင်ရွက်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။    

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News