ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးအေးက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၄၂၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၆၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက်ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူအားကောင်းလျက်ရှိကြောင်း သိရသည်။ “ဘိုကလေးမြို့နယ်ကနေ ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ ဒီဘက်ကနေ ဆန်ကွဲအိတ်တွေကို ကုန်တင်ကားတွေနဲ့ တင်ပို့ရောင်းချတာများပါတယ်။ ဆန်ကွဲတွေကို ဇန်နဝါရီလရဲ့ ပထမပတ်လောက်ကနေစတင်ပြီး ဝယ်လိုအားက သိသိသာသာတက်ခဲ့တာဖြစ်ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ်တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။ အခုလို အခက်အခဲမရှိ အဆင်ပြေပြေတင်ပို့ရောင်းချနေရလို့ ကုန်သည်တွေ အဆင်ပြေပါတယ်” ဟု ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးအေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၅၅၅၀၀ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ ဆန်ကွဲများ တင်ပို့ရောင်းချအားကောင်းလာခြင်းကြောင့် စပါးစိုက်ပျိုးသည့် တောင်သူများ၊ ဆန်စပါးရောင်းဝယ်ရေးကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ