တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဒူးရင်းသီး မက်ထရစ်တန်ချိန် (၁.၅၆)သန်းခန့် တင်သွင်းခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၆.၉၉)ဘီလီယံရှိခဲ့ကြောင်းနှင့် သွင်းကုန်ပမာဏနှင့် သွင်းကုန်တန်ဖိုး သည် တစ်နှစ်ထက်တစ်နှစ် (၉.၄)% နှင့် (၄.၁)% အသီးသီး တိုးလာကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် တရုတ်ဈေးကွက်သို့ ဒူးရင်းသီးအများဆုံး တင်သွင်းသူအဖြစ် ဆက်လက် ရပ်တည်နေပြီး စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄.၀၁)ဘီလီယံ ရှိပြီး တစ်နှစ် ထက်တစ်နှစ် (၁၂)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သို့သော် စက်မှုနည်းပညာဖြင့် စိုက်ပျိုးမှုများအပေါ် အလွန်အကျွံ မှီခိုအားထားနေခြင်းနှင့် အပူလွန်ကဲမှုကြောင့် အထွက်နှုန်း ကျဆင်းခဲ့ခြင်းတို့ကြောင့် ထိုင်းဒူးရင်းသီးများသည် အရည်အသွေး ပြဿနာများဖြစ်ပေါ် လာခဲ့ကြောင်း၊ ရလဒ်အနေဖြင့် တရုတ်နိုင်ငံ၌ ထိုင်းနိုင်ငံ၏ ဈေးကွက်ဝေစုသည် ၂၀၂၃ ခုနှစ် တွင် (၆၈)% ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် (၅၇.၄)% သို့ ကျဆင်းသွားကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးဒုတိယအများဆုံးတင်ပို့ရောင်းချသည့် ဗီယက်နမ်နှင့်လည်း ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုသည် (၃၇.၆)%မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ(၂.၉၄)ဘီလီယံအထိရှိခဲ့ကြောင်း၊ ဤတိုးတက်မှုသည် တရုတ်တွင် ဗီယက်နမ်၏ စျေးကွက်ဝေစုကို ၂၀၂၃ ခုနှစ်တွင် (၃၃)% ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် (၄၂.၁)% သို့ တိုးတက်စေခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနှင့် ဗီယက်နမ်တို့မှ တင်သွင်းမှုသည် တရုတ်နိုင်ငံ၏ ဒူးရင်းသီးဈေးကွက် စုစုပေါင်း၏ (၉၉.၅)%ရှိပြီး ဖိလစ်ပိုင်နှင့် မလေးရှားတို့မှ တင်သွင်းမှုသည် ကျန်(၀.၅)% သာရှိကြောင်း၊ ဖိလစ်ပိုင်သည် ယခင်နှစ်က တရုတ်နိုင်ငံသို့ သစ်သီးအမေရိကန်ဒေါ်လာ (၃၂.၄၆)သန်းဖိုး တင်ပို့ခဲ့ပြီး တစ်နှစ် ထက်တစ်နှစ် တိုးတက်မှု (၁၄၄.၄)ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီးများ တင်ပို့ရန် ခွင့်ပြုချက်ရရှိခဲ့ကာ သြဂုတ်လတွင် ပထမဆုံး တင်ပို့ခဲ့ပြီးနောက် ငါးလတာကာလ အတွင်း လတ်ဆတ်သောဒူးရင်းသီးတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၅.၇၁)သန်း ရှိခဲ့ကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu ၏ ပြောကြားချက်အရ လတ်ဆတ်သော မလေးရှားဒူးရင်းသီးများကို ထိပ်တန်း အရည်အသွေးအဖြစ် သတ်မှတ်ပြီး အခြားအရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်း သော စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ ဒူးရင်းသီးတင်သွင်းမှုသည် ဆက်လက်တိုးတက်နေမည်ဖြစ်၍ အင်ဒိုနီးရှားကဲ့သို့သော အခြားနိုင်ငံများသည်လည်း အကျိုးအမြတ်များသော တရုတ် ဈေးကွက်သို့ ဝင်ရောက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် အင်ဒိုနီးရှား၏ စားနပ်ရိက္ခာ ရေးရာညှိနှိုင်းရေးဝန်ကြီး Zulkifli Hasan က ဈေးကွက်ဝင် ရောက်ခွင့်လုပ်ငန်းစဉ်ကို အရှိန်မြှင့် တင်မည်ဟု ကြေညာခဲ့ကြောင်း သိရှိရပါသည်။
လာအိုနိုင်ငံသည်လည်း ဒူးရင်းသီးလုပ်ငန်းစု ပေါ်ထွန်းလာပြီးနောက် တရုတ် ဈေးကွက်သို့ ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် Bounchanh Kombounyasith က လာအိုဒူးရင်းသီးများကို မကြာမီ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချတော့မည် ဖြစ်ကြောင်းနှင့် စျေးကွက်ရရှိရေးအတွက် စာရွက်စာတမ်းများကို ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူနှင့် Jinguo ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ Tao Jian သည် လာအို နိုင်ငံတောင်ပိုင်းရှိ Bolaven ကုန်းပြင်မြင့်တွင် ဒူးရင်းသီးအပင်ပေါင်း (၅၀,၀၀၀)ကျော် စိုက်ပျိုး ခဲ့ပြီး ထိုဒေသ၏ မြေသြဇာကောင်းသော မြေဆီလွှာကို ဒူးရင်းသီးစိုက်ပျိုးရန်အတွက် စံပြအဖြစ် အသုံးချခဲ့ကြောင်း၊ မလေးရှားမျိုးကွဲများကို ဒေသတွင်းမျိုးစိတ်များဖြင့် ကိုင်းစပ် စိုက်ပျိုးခြင်းဖြင့် ကုမ္ပဏီသည် ဒေသတွင်းပတ်ဝန်းကျင်နှင့် လိုက်ဖက်သော အရည်အသွေး မြင့် ဒူးရင်းသီးများကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှား တို့နောက် လာအိုသည် မကြာမီကမ္ဘာ့စတုတ္ထအကြီးဆုံး ဒူးရင်းသီးထုတ်လုပ်သူ ဖြစ်လာနိုင် သည်ဟု Tao က ယုံကြည် ကြောင်း သိရှိရပါသည်။
နိုင်ငံအသီးသီးမှ ရောင်းချသူများသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု တိုးချဲ့ရန် ကြိုးပမ်းလျက်ရှိရာ အစားအစာဘေးကင်းရေးနှင့် အရည်အသွေးပိုင်းဆိုင်ရာ စိုးရိမ်မှုများ အပါ အဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ဥပမာအားဖြင့် အချို့ဒူးရင်းသီးများသည် heavy metal cadmium ပမာဏ များလွန်းသောကြောင့် ဈေးကွက်ဝင်ရောက်ရန် ငြင်းပယ်ခံ ခဲ့ရကြောင်း၊ ယခုနှစ်အစောပိုင်းတွင် ထိုင်းဒူးရင်းသီးများတွင် ခွင့်မပြုသည့်ဆိုးဆေး auramine O ကို စစ်ဆေး တွေ့ရှိပြီးနောက် တရုတ်နိုင်ငံသည် ၎င်း၏သွင်းကုန်စံနှုန်းများကို တင်းကြပ်ခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်တို့မှ ပို့ကုန်လုပ်ငန်းရှင်များကို သတိထားစစ်ဆေးခဲ့သဖြင့် တင်ပို့မှုကို သိသိသာသာ နှောင့်နှေးစေပြီး တင်သွင်းခွင့်မပြုခဲ့သည်များလည်း ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၏ ဒူးရင်းသီးဈေးကွက်သို့ နိုင်ငံအများအပြား ဝင်ရောက်လာသဖြင့် အရှေ့ တောင်အာရှရှိ ဒူးရင်းသီးထုတ်လုပ်သော နိုင်ငံများကလည်း ရောင်းလိုအားများခြင်းကြောင့် ဖြစ်နိုင်ချေရှိသည့် စွန့်စားမှုများကို ပိုမိုသတိထားလာကြကြောင်း၊ တင်သွင်းသူအသစ်များ လျင်မြန်စွာဝင်ရောက်လာခြင်းသည် အထူးသဖြင့် ဒူးရင်းသီးကဲ့သို့သော ပျက်စီးလွယ်သော သစ်သီးများအတွက် ဝယ်လိုအားနှင့် ရောင်းလိုအားအကြား မညီမျှမှုကိုဖြစ်ပေါ်စေနိုင် ကြောင်း သိရှိရပါသည်။
Source:https://www.producereport.com/article/chinas-durian-imports-hit-record-high-2024
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)