International News

တရုတ်နိုင်ငံသည် ဒေတာနည်းပညာကို အဓိကထားဆောင်ရွက်မည့် ပထမဆုံး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်း(SOE) တစ်ခုကို တည်ထောင်ခဲ့

Last Updated:

တရုတ်နိုင်ငံတွင် ဒေတာနည်းပညာကို အဓိကထားဆောင်ရွက်မည့် ပထမဆုံးနိုင်ငံပိုင် စီးပွားရေးလုပ်ငန်း(SOE) တစ်ခုကို ရှန်ဟိုင်းမြို့တွင် တရားဝင်တည်ထောင်ခဲ့ကြောင်း၊ China Digital Logistics Information Co. ဟု ယာယီအမည်ပေးထားသည့် အဆိုပါကုမ္ပဏီကို နိုင်ငံတော်ကောင်စီ ၏ နိုင်ငံတော်ပိုင်ဆိုင်မှုကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မရှင်မှ တိုက်ရိုက်စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

အဆိုပါကုမ္ပဏီသည် လမ်း၊ ရထားလမ်း၊ ရေလမ်း၊ လေကြောင်းနှင့် ဆိပ်ကမ်းကဲ့သို့ကဏ္ဍ များအတွက် ဒေတာအရင်းအမြစ်များ မျှဝေရေး၊ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင်ဆောင်ရွက်ရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေးတို့အပေါ် အာရုံစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ငွေကြေးစီးဆင်းမှုဆိုင်ရာ အချက်အလက်များ စုစည်းဆောင်ရွက်ခြင်းဖြင့် အမျိုးသားအဆင့်ထောက်ပံ့ပို့ဆောင်ရေးကို အထောက်အကူပြုသည့် ဒေတာပလပ်ဖောင်းတစ်ခု တည်ထောင်ရန်၊ ဒစ်ဂျစ်တယ်နည်းပညာမှတစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ စစ်မှန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်ရရှိရေးအတွက် ပံ့ပိုးကူညီကာ လူ့အဖွဲ့အစည်းအတွင်း ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ချရန်ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကုမ္ပဏီမှာ diversified ownership structure ပုံစံဖြင့် မှတ်ပုံတင်အရင်းအနှီး ယွမ် ၁၀ ဘီလီယံရှိသည့် နိုင်ငံပိုင်လုပ်ငန်း(SOE) တစ်ခုဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနအဆိုအရ တရုတ် ကုန်သည်များအဖွဲ့၊ China Poly Group၊ China Logistics Group နှင့် Shanghai Data Group အပါအဝင် မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံသူများပါဝင်ကြောင်း သိရှိရပါသည်။

ကုမ္ပဏီ၏ ဒေတာနည်းပညာသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကိုအားပေးရန်နှင့် စီးပွားရေး လုပ်ငန်းတစ်ခုလုံး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရေး မောင်းနှင်ဆောင်ရွက်ရန် အဓိကအခန်း ကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း၊ ဒေတာအရင်းအမြစ်များပေါင်းစည်းမှုနှင့် နည်းပညာဆိုင်ရာ ဆန်းသစ် တီထွင်မှုတွင် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများဖြစ်စေရန် မျှော်လင့်ကြောင်း Beijing Academy of Social Sciences မှ သုတေသနအဖွဲ့၏ တွဲဖက် သုတေသီ Wang Peng က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထွန်းသစ်စကဏ္ဍတစ်ခုဖြစ်သည့် ဒေတာအချက်လက်ဆိုင်ရာလုပ်ငန်းကို မကြာသေးမီနှစ် များက အစိုးရမှတ်တမ်းများတွင် မီးမောင်းထိုးပြခဲ့ကြောင်း၊ ယခုနှစ်စပိုင်းတွင် အမျိုးသားသတင်း အချက်အလက်ဗျူရို(NDB) နှင့် အခြားဌာန ၁၇ ခုတို့မှ ၂၀၂၆ ခုနှစ်အကုန်တွင် ပြည့်စုံသည့် ဒေတာ အချက်အလက်လုပ်ငန်းဂေဟစနစ်ကိုဖန်တီးနိုင်ရေး ရည်မှန်းချက်ကို အကျဉ်းချုပ်ဖော်ပြသည့် စာတမ်းထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတစ်ဝှမ်းတွင် ဒေတာကုမ္ပဏီပေါင်း ၁၉၀,၀၀၀ ကျော် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ ဒေတာလုပ်ငန်းကို နှစ်စဉ်တိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းကျော် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း သြဂုတ်လတွင်း ထုတ်ပြန်သည့် China Media Group ၏ အစီရင်ခံစာအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးသည် ယွမ် ၅၃.၉ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ယွမ်ငွေ ၃.၇ ထရီလီယံ တိုးတက်ခဲ့ကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးတိုးတက်မှုသည် နိုင်ငံစုစုပေါင်း GDP တိုးတက်မှုအတွက် ၆၆.၄၅ ရာခိုင်နှုန်းကို အထောက်အကူဖြစ်စေခဲ့ကြောင်း အစီရင်ခံစာအရသိရှိရပါသည်။

အရင်းအမြစ်ခွဲဝေမှုနှင့်ပတ်သက်၍ ဒေတာအချက်အလက်များသည် အခြားထုတ်လုပ်မှု ဆိုင်ရာအချက်အလက်များအတွက် ဆန်းသစ်တီထွင်များ ထိရောက်စွာခွဲဝေဆောင်ရွက်ရန် မြှင့်တင် နိုင်ခဲ့ကြောင်း  အမျိုးသားစာရင်းအင်းဗျူရို(NDB)၏ အကြီးအကဲ Liu Liehong က ဩဂုတ်လတွင် ပြုလုပ်သည့် 2024 China International Big Data Industry Expo တွင် ပြောကြားခဲ့သည်ဟု လည်းသိရှိရပါသည်။

လုပ်ငန်းတွင်းအကျိုးရှိစေမည့် အသုံးဝင်သည့်အချက်အလက်များ ထွက်ပေါ်လာခြင်းသည် သက်ဆိုင်ရာလုပ်ငန်းလည်ပတ်မှုကိုတိုးတက်လာစေကြောင်း၊ စက်မှုအသွင်ကူးပြောင်းခြင်းနှင့်အဆင့် မြှင့်တင်ခြင်းတို့အတွက် သိသိသာသာ အားကောင်းလာစေကြောင်း၊ ဒေတာလုပ်ငန်းကို ပြုစု ပျိုးထောင်ခြင်းသည် စျေးကွက်အခြေပြုမှုဆိုင်ရာ ဒေတာအချက်အလက်ခွဲဝေမှုကို မြှင့်တင်ရန် အရေးကြီးသည့် ချဉ်းကပ်မှုတစ်ခုဖြစ်ကြောင်း၊ အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားစုများနှင့် ဖွံဖြိုးတိုးတက်မှုများ ဆောင်ရွက်ရန် မလွဲမသွေဆောင်ရွက်ရမည့် ရွေးချယ်မှုဖြစ်ကြောင်း အမျိုးသား စာရင်းအင်းဗျူရို(NDB)၏ အကြီးအကဲ Liu Liehong ကထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

ဒေတာနည်းပညာသည် ထွန်းသစ်စဗျူဟာမြောက်လုပ်ငန်းတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်သစ်ကို ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ခြင်းများတွင် အသုံးပြုဆောင်ရွက်ခြင်းဖြင့် ၎င်းနှင့်ဆက်စပ်သည့်  ထောက်ပံ့ရေးကွင်းဆက်များ ကြီးထွားလာကာ အလုံးစုံစီးပွားရေးတိုးတက်မှုလကို မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း Beijing Academy of Social Sciences မှ သုတေသနအဖွဲ့၏ တွဲဖက်သုတေသီ Wang Pengမှထပ်လောင်းပြောကြားခဲ့ သည်ဟုလည်းသိရှိရပါသည်။

 

Source: http://en.people.cn/n3/2024/1220/c90000-20256351.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ    

Category: International News