အစိုးရ၏ စဉ်ဆက်မပြတ်သော အခြေခံအဆောက်အအုံစီမံကိန်းများ များပြားလာခြင်းနှင့် တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် နှေးကွေးလာပြီး ကုန်သွယ်ရေးမညီမျှချက် များဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ဧပြီလမှစတင်၍ ပို့ကုန်ရငွေနှင့် သွင်းကုန်အပေါ်ပေးချေရသည့် ငွေပမာဏသည် ကွာဟမှုကြီးလာပြီး စက်တင်ဘာလထိ အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံရှိခဲ့ပြီး လ (၂၀) အတွင်း အကြီးမားဆုံးကွာဟချက်တစ်ခု ဖြစ်ခဲ့ပါသည်။
အစိုးရအနေဖြင့် စဉ်ဆက်မပြတ်သော အခြေခံအဆောက်အအုံစီမံကိန်းများကို တွန်းအားပေး ဆောင်ရွက်လာခြင်းကြောင့် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ အား ပြည်ပမှ တင်သွင်းဝယ်ယူ မှုများပြားလာပါကြောင်း၊ ကမ္ဘာ့ပို့ကုန်တင်ပို့မှုအဆင့်တွင် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၇ မှ စတင်၍ အဆင့် ကျဆင်းခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းပို့ကုန် ပစ္စည်းဖြစ်သော တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ တင်ပို့မှုသည့် ကဆင်းလာခဲ့ပြီး အခြားသော ဒေသတွင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ တောင်ကိုရီယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့မှုလည်းကျဆင်းလာကြောင်းဖော်ပြပါရှိပါသည်။ ထို့ပြင် အီလက်ထရောနစ်မဟုတ်သော ပို့ကုန်ကဏ္ဍများဖြစ်သော စားသောက်ကုန်ပစ္စည်းများ၊ သတ္ထုများ နှင့် လုပ်ငန်းသုံးပစ္စည်းများ တင်ပို့မှုသည် အီလက်ထရောနစ်ကဏ္ဍနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်းကို လည်း ဖော်ပြထားပါသည်။
ဗဟိုဘဏ်မှ ပြည်တွင်းဝယ်လိုအား မြင့်တက်စေရန် အတိုးနှုန်းများလျှော့ချခြင်းမူဝါဒ ကြောင့် သွင်းကုန်ပမာဏသည်လည်း ဆက်လက်မြင့်တက်လာဦးမည်ဖြစ်ပြီး ကုန်သွယ်မှုကဏ္ဍအပေါ် ခြုံငုံ သုံးသပ်လေ့လာမည်ဆိုပါက ပို့ကုန်နှင့်သွင်းကုန်ပမာဏကြား ကုန်သွယ်ရေးလိုငွေပြမှု ကြီးထွားလာ နိုင်ပါကြောင်း၊ ထို့သို့ ကုန်သွယ်ရေးလိုငွေပြမှုပမာဏ ကြီးမားလာခြင်းသည် တိုင်းပြည်၏ ဒေါ်လာ စီးထွက်မှုပမာဏ ကြီးမားနေကြောင်းကို ဖော်ပြနေပြီး ပြည်တွင်းငွေကြေး ပီဆိုတန်ဖိုးအား ကျဆင်း စေနိုင်သည်ဟု ဖော်ပြပါရှိပါသည်။
သို့ရာတွင် ပြည်ပအလုပ်သမားများ လွှဲပို့ငွေ၊ information technology-business process outsourcing (IT-BPO)နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့မှ ဒေါ်လာဝင်ရောက်မှု အသင့်အတင့် မြင့်တက် လာခြင်းသည် တိုင်းပြည်စီးပွားရေးအား တည်ငြိမ်စေသည့်အချက်တစ်ချက်ဖြစ်ပြီး ကုန်သွယ်ရေးလိုငွေ ပြမှုကို တစ်စိတ်တစ်ဒေသ ကာမိပါကြောင်းဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ မနီလာမြို့။