ထိုင်းနိုင်ငံ အစိုးရ၏ စီးပွားရေးလှုံ့ဆော်ပေးသည့် အစီအမံများနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး အဆက်မပြတ်တိုးတက်လာမှုတို့ကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ သံမဏိဝယ်ယူသုံးစွဲမှုသည် ၃ ရာ ခိုင်နှုန်း တိုးတက်မှုရှိလာနိုင်လာကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်၊ သံမဏိစက်မှုအသင်းက ခန့် မှန်း ထားပါသည်။
၂၀၂၄ ခုနှစ်အတွင်း သံမဏိ ဝယ်ယူသုံးစွဲမှုသည် တန်ချိန် ၁၅ သန်းမှ ၁၆ သန်းကြားရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က သုံးစွဲမှုနှင့် တူညီပါကြောင်း၊ ဝယ်လိုအား ကျဆင်းခဲ့ခြင်း၊ ဈေးနှုန်းကျဆင်းခဲ့ခြင်းနှင့် တရုတ် သွင်းကုန်များ၏ ယှဉ်ပြိုင်မှုများအပါအဝင် စိန်ခေါ်မှုများပြီးနောက် ၂၀၂၅ ခုနှစ်တွင် အကောင်းဖက်သို့ ဦးတည်လာမည်ဟု ခန့်မှန်းထားပါကြောင်း၊ အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှု အသီးအပွင့်များကို ခံစား ရပြီး GDP တိုးတက်မှုနှင့် သံမဏိဝယ်လိုအားကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ သံမဏိကို ကုန်ကြမ်း အဖြစ် အသုံးပြုသော ဆောက်လုပ်ရေးကဏ္ဍ၏ ဝယ်လိုအားသည် ယခင်နှစ်အတွင်း လုပ်သာကိုင်သာ မရှိသော စီးပွားရေးလုပ်ငန်းအခြေအနေများတွင် ရှင်သန်ခဲ့ပြီးနောက် တိုးတက်မှုရှိလာမည်ဟု ခန့်မှန်း ထားကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားချက်အရ သံမဏိဝယ်လိုအား မြင့်တက်လာနိုင်သည်ဖြစ်၍ တရုတ်သည် ယခုနှစ်တွင် သံမဏိပမာဏ လျော့နည်း တင်ပို့မည်ဟု ခန့်မှန်းထားပါကြောင်း အသင်း ဥက္ကဋ္ဌ Mr. Nava Chantanasurakon က ပြောကြား ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံသို့ ရောက်ရှိခဲ့ ပြီး ၅ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သဖြင့် ကမ္ဘာ့စီးပွားရေးကြီးသော နိုင်ငံများအကြား အမြင့်ဆုံးဖြစ်ခဲ့ပါ ကြောင်း၊ တရုတ်စီးပွားရေးတိုးတက်လာရခြင်းမှာ အစိုးရကြွေးမြီဆုံးရှုံးနိုင်ချေများကို ဖြေရှင်းရန် ဘဏ္ဍာရေး နှစ်သစ်တွင် ယွမ် ၁၀ ထရီလီယံလျာထားခဲ့မှုကြောင့်လည်း ဖြစ်ပါကြောင်း တရုတ်ပြည် နယ်ကောင်စီ၊ စာရင်းအင်းဗျူရို အကြီးတန်းအရာရှိ Mr. Kang Yi က ပြောကြားခဲ့သည်။
တရုတ်သံမဏိများ ထိုင်းနိုင်ငံသို့ တင်သွင်းမှုမြင့်တက်လာခြင်းသည် ထိုင်းနိုင်ငံရှိ ထုတ်လုပ်သူ များအတွက် ပူပန်မှုဖြစ်စေပါကြောင်း၊ တရုတ်ကုမ္ပဏီများက သံမဏိကို ထိုင်းနိုင်ငံသို့ တိုက်ရိုက်တင် ပို့ခြင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့ခြင်း စသည်ဖြင့် တင်ပို့ကြောင်း၊ တရုတ်နိုင်ငံ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် တင်ပို့မှုသည် ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီး ထိုင်းနိုင်ငံ၏ သံမဏိ ထုတ်လုပ်မှုသည် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပိုလျှံမှုနှင့် သံမဏိ ထုတ် လုပ်သည့် လုပ်ငန်းစဉ်များကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချရန် တရုတ်၏ သံမဏိထုတ်လုပ်မှုကို ဖြတ်တောက်သည့် မူဝါဒကို ဖြေလျှော့ပြီးနောက် တရုတ်၏ သံမဏိတင်ပို့ခဲ့မှုသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလုံးအတိုင်းအတာဖြင့် တန်ချိန် ၁၀၅ သန်းရှိခဲ့ကြောင်း အိန္ဒိယအကြီးဆုံး သံမဏိ ထုတ်လုပ်သူ Tata Steel (Thailand) Plc က ပြောကြားချက်အရ သိရှိရပါသည်။
တရုတ်ကုမ္ပဏီများ၏ သံမဏိများကို ထိုင်းနိုင်ငံအတွင်း စုပုံတင်ပို့ခြင်းကို ကာကွယ်ရန်နှင့် တန်ဖိုးနည်းသော တရုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် ဆောင်ရွက်စေလိုကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ပြောကြားချက်အရ သိရှိရပါသည်။
တန်ဖိုးနည်း တရုတ်ထုတ်ကုန်များ ထိုင်းဈေးကွက်အတွင်းသို့ ဝင်ရောက်မှုကို ကာကွယ်ရန် 1999 Anti-Dumping Act နှင့် 2007 Safeguard Measures on Increased Imports Act တို့ကို ပြဌာန်းရန် Joint Standing Committee on Commerce, Industry and Banking က အစိုးရကို တောင်းဆိုထားသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။