သမ္မတဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံမှ သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်းကို ၁-၂-၂၀၂၅ ရက်တွင် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ယင်းအချက်သည် ကနေဒါ ရေနံကုမ္ပဏီများအတွက် သတင်းဆိုးတစ်ရပ်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် ၎င်း၏ရေနံစိမ်း အများအပြားကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းရေနံစိမ်း စည်ပေါင်း (၄.၆) သန်း ထုတ်လုပ်ခဲ့ကာ (၈၀) ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ ကြောင်း၊ အမေရိကန်နိုင်ငံ ရေနံစိမ်းသွင်းကုန်အားလုံး၏ (၆၀) ရာခိုင်နှုန်းကို ကနေဒါနိုင်ငံမှ တင်သွင်း ကြောင်း၊ ထို့ကြောင့် သွင်းကုန်ခွန်ကောက်ခံခြင်းသည် နောက်ဆုံးတွင် ကနေဒါရေနံထုတ်လုပ်သည့် ကုမ္ပဏီများ၊ အမေရိကန်နိုင်ငံမှ ရေနံသန့်စင်စက်ရုံများနှင့် စားသုံးသူများက မျှဝေကျခံရနိုင်ကြောင်း၊ ကနေဒါရေနံကုမ္ပဏီများအနေဖြင့် အမေရိကန်နိုင်ငံမှကောက်ခံသည့် သွင်းကုန်ခွန်ကို ပြန်ထေနိုင် သည့်ဖြစ်နိုင်ခြေ အကြောင်းအရင်းများစွာရှိကြောင်း၊ ကနေဒါကုမ္ပဏီများသည် ဒုတိယသုံးလပတ် အတွင်း နှစ်စဉ်ထိန်းသိမ်းမှုကာလ (Annual maintenance)သတ်မှတ်လျက် တစ်ရက်လျှင် ရေနံထုတ်လုပ်မှုပမာဏ စည်ပေါင်း (၃၈၀,၀၀၀) သာထုတ်လုပ်ပြီး တတိယသုံးလပတ်အတွင်း တစ်ရက်လျှင် စည်ပေါင်း (၁၄၀,၀၀၀) အထိသာ ထုတ်လုပ်လျက်ရှိသဖြင့် အကယ်၍သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံပါက ရေနံများကို လျှော့ဈေးဖြင့် အခြားနိုင်ငံများသို့ ရောင်းချရမည့်အခြေအနေကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပင်လယ်ကွေ့ရှိ အမေရိကန်ရေနံသန့်စင်စက်ရုံများသည် အခြားနိုင်ငံများမှ ရေနံစိမ်းများကို ဝယ်ယူနိုင်သော်လည်း အကန့်အသတ်ဖြင့်သာရှိကြောင်း၊ မက္ကဆီကိုနှင့် ကိုလံဘီယာနိုင်ငံများမှ ရေနံစိမ်းကို ဝယ်ယူနိုင်သော်လည်း ၎င်းတို့တွင် အကန့်အသတ် ဖြင့်သာထုတ်လုပ်နိုင်သဖြင့် အမေရိကန်က လိုအပ်သည့်ပမာဏကို ရောင်းချနိုင်မည်မဟုတ်ကြောင်း၊ မက္ကဆီကိုနိုင်ငံအပေါ် ကနေဒါနိုင်ငံကဲ့သို့ သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံမည်ဟု ပြောကြား ထားရာ အမေရိကန်နိုင်ငံအနေဖြင့် ရေနံစိမ်းကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်မည့်အခွင့်အလမ်းများ နည်းပါးနိုင်ကြောင်း၊ ကနေဒါရေနံထုတ်လုပ်သူများသည် လက်ရှိတွင် အာရှနိုင်ငံများသို့ ရေနံပို့ကုန် တိုးမြှင့်တင်ပို့လာကြကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။